လောက်ကိုင်မြို့နယ်မှာ တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေ


2017.03.13
laukkaing-refugees-620.jpg လောက်ကိုင်တိုက်ပွဲတွေကြောင့် ထွက်ပြေးနေတဲ့ စစ်ပြေး ဒုက္ခသည်တွေကို မတ်လ ၆ ရက်နေ့က တွေ့ရစဉ်
Photo: Kan Tar/RFA

ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က စပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်အတွင်း အစိုးရတပ်မတော် နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကြား ဖြစ်ပွားနေ တဲ့ တိုက်ပွဲတွေဟာ ဒီနေ့အထိ ဆက်လက်ပြင်းထန်နေ ဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံနယ်နမိတ်အတွင်းကို လက်နက်ကြီး ကျည်တွေ နေ့စဉ်ကျရောက် နေတဲ့ အတွက် နယ်စပ် ၃ ဖာလုံက ရာနဲ့ချီတဲ့တိုက်ခန်းတွေမှာ နေထိုင်ကြသူတွေ ပြောင်းရွှေ့နေကြ ရတယ်လို့ တရုတ်-မြန်မာ နယ်စပ်မှာရှိတဲ့ ရှောက်ချမ်းကိုး ဘုန်းတော်ကြီးကျောင်းက ဆရာတော် ဦးကေသရက မိန့်ပါတယ်။

"တိုက်ပွဲကတော့ ပုံမှန်ပါပဲ။ မနက်ဖြစ်လိုက်၊ ညဖြစ်လိုက်၊ နေ့တိုင်းနေ့တိုင်း ကျပါတယ်။ တိုက်အိမ်ပေါ်မှာလည်း ကျတယ်။ ရိုးရိုးအိမ်ပေါ်မှာလည်း ကျတယ်။ ကြမ်းခင်းပေါ်မှာလည်းကျတယ်။ အဲ့မှာ အနည်းဆုံး သုံးဖာလုံ ပတ်ဝန်းကျင် နယ်စပ်တစ်လျှောက်အကုန်လုံးရွှေ့ခိုင်းတယ်။ တိုက်ကတော့ ၆ ထပ်အထက်၊ ၁၀ ထပ်အထက်၊ ၂၀ ထပ် အထက်တို့ အကုန်လုံးရွှေ့ခိုင်းတယ်။ အိမ်တိုက်ပေါင်း ရာနဲ့ချီပါတယ်။ နောက်ဦးရေကတော့ မပြောနိုင်ဘူး အင်း ထောင်ဂဏန်းပေါ့။ လူဦးရေထောင် ဂဏန်းပေါ့နော်"

ဒါ့အပြင် လောက်ကိုင်မြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင် လာတဲ့ မြန်မာနိုင်ငံသား စစ်ဘေး ဒုက္ခသည် သုံးသောင်းဝန်းကျင်ခန့်ရှိလာပြီး အဲဒီဒုက္ခသည်တွေကို တရုတ်အစိုးရက တရုတ်-မြန်မာ နယ်စပ်အနီး အမှတ် ၁၂၅ နေရာမှာ ဒုက္ခသည်စခန်းဖွင့်လှစ်ပေးထား တယ်လို့ ပြောပါတယ်။

တရုတ်အစိုးရတာဝန်ရှိသူတွေက တရုတ်နိုင်ငံနယ်နမိတ်အတွင်းကျရောက်တဲ့ လက်နက်ကြီး အရေအတွက်နဲ့ အမျိုးအစားတွေကို မှတ်တမ်းတင်တာတွေ၊ စာရင်းကောက်ယူတာတွေ ပြုလုပ်တာတွေရှိတယ်လို့လည်း သိရပါတယ်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ တိုက်ပွဲတွေကြောင့် အရပ်သားတွေ ထိခိုက်မှုတွေရှိသလို စာ သင်ကျောင်းတွေ၊ နေအိမ်တွေလည်း လက်နက်ကြီးထိမှန်တာတွေရှိနေပြီး အခုလ ၁၁ ရက်နေ့က အသက် ၄၅ နှစ်အရွယ် တရုတ်နိုင်ငံသား ကျောင်းဆရာ ကော်ရှောက်ဝေ ဆိုသူဟာ ဦးခေါင်းကို လက်နက်ကြီး ထိခိုက်ပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။