MNDAA အဖဲ့ွက လူ ၃၀၀ ကျော် ကို ဖမ်းဆီးထားကြောင်း တပ်မတော် သတင်းထုတ်ပြန်


2017.03.14
mndas-kidnap-map-620.jpg တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဖေ့စ်ဘွတ်မှာတင်ထားတဲ့ MNDAA အဖွဲ့က ပြန်ပေးဆွဲခေါ်ဆောင်သွားသူများကို သင်တန်းပို့ချမယ့်နေရာပြမြေပုံ
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်မှာ MNDAA နဲ့ အစိုးရ တပ်မတော်တို့ တိုက်ပွဲ ၄၈ ကြိမ် ဖြစ်ပွားခဲ့ပြီး အရပ်သား ၃၀၀ ကျော်ကို MNDAA အဖွဲ့က ဖမ်းဆီးထားကြောင်း တပ်မတော်က သတင်းထုတ်ပြန်လိုက်ပါတယ်။

မတ်လ ၆ရက်နေ့ကစပြီး ၁၂ ရက်နေ့အထိ တိုက်ပွဲ ၄၈ ကြိမ် ဖြစ်ပွားခဲ့ပြီး မနေ့ကအထိ ဆက်လက်ဖြစ်ပွားနေ တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း ဖူလီလိုက်ဟိုတယ် ဝန်ထမ်းအမျိုးသား ၁၂၀ နဲ့ အမျိုးသမီး ၂၀၀ စုစုပေါင်း ၃၂၀ ကို ကိုးကန့်အဖဲ့ွက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဖမ်းဆီးခံထားရသူတွေကို ကုန်းကြမ်းမြို့နယ် ဟုန်အိုင်ဒေသကနေ နန်စန်မြို့ကိုပို့ဆောင်ပြီး သင်တန်းတွေ တက်ရောက်စေမှာဖြစ်ကြောင်း သတင်းရရှိထားတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် လူ ၅ ဦး နဲ့ ကိုးကန့်ယာဉ်ထိန်းရဲ ၅ ဦး သေဆုံးခဲ့ပြီး ယာဉ်ထိန်းရဲ ၄ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း သိရပါတယ်။

MNDAA လက်နက်ကိုင်အဖွဲ့ဟာ ဖူလီလိုက်ဟိုတယ်ကနေ တရုတ်ယွမ်ငွေ သိန်း ၃ထောင်ကို ယူဆောင် သွားကြောင်းနဲ့ ပယ်စိမ်းဟိုတယ်ရှေ့မှာရှိတဲ့ အများပြည်သူပိုင် မော်တော်ယာဉ် အစီး ၂၀ ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပါရှိပါတယ်။

MNDAA နဲ့ တိုက်ပွဲဖြစ်ပွားမှုတွေအတွင်း တပ်မတော်ဘက်က အရာရှိစစ်သည်တချို့ ကျဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။