လောင်းလုံးမှာ စစ်ကြောင်းထိုးနေလို့ ဒေသခံသုံးထောင်ခန့် ထွက်ပြေးနေရ

RFA Burmese
2024.09.02
လောင်းလုံးမှာ စစ်ကြောင်းထိုးနေလို့ ဒေသခံသုံးထောင်ခန့် ထွက်ပြေးနေရ လောင်းလုံးမြို့နယ်ရှိ ကျေးရွာတွေမှ နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ဒေသခံများအား တွေ့ရစဉ်။
ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - လောင်းလုံးမြို့နယ်

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်က ရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာနဲ့ နေအိမ်တွေကို မီးရှို့တာတွေ ရှိနေတာကြောင့် လူသုံးထောင်ခန့် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက စက်တင်ဘာလ ၂ ရက်နေ့မှာ ပြောပါတယ်။

စစ်ကြောင်းနှစ်ကြောင်းနဲ့ ဝင်ရောက်စီးနင်းနေတာဖြစ်ပြီး မောင်းမကန်၊ ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီး၊ ခမောင်းတောင်၊ ထိန်တွင်း၊ ဖွားဘုတ်ပြင် စတဲ့ရွာတွေက ဒေသခံတွေ တိမ်းရှောင်နေရတာလို့ ဆိုပါတယ်။

စက်တင်ဘာ ၁ ရက် မနေ့ကတော့ ဖွားဘုတ်ပြင်ရွာအနီးတစ်ဝိုက်က နေအိမ်တချို့ကို စစ်ကောင်စီတပ်က မီးရှို့နေပြီး ဒီနေ့မှာလည်း အဲဒီရွာအနီးမှာ စစ်ကြောင်းက ဆက်ရှိနေတယ်လို့ ဆိုပါတယ်။

နောက်ထပ် စစ်ကြောင်းတစ်ခုကတော့ မောင်းမကန်ရွာမှာ ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်းတွေ ဝင်လာတဲ့အခါ ရွာသားတွေကို ဖမ်းဆီးပြီး လမ်းပြအဖြစ် ခေါ်ဆောင်တာ၊ စစ်ကောင်စီတပ်သားတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေ သယ်ယူရတာနဲ့ လူသားဒိုင်းကာအနေနဲ့ အသုံးပြုတာတွေ ရှိနေတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကြောင်းက နှစ်ကြောင်းပါ။ ထိန်တွင်းဝင်တဲ့ စစ်ကြောင်းက သြဂုတ် ၃၀ ရက်နေ့မှာ ထွက်သွားပြီး ဖွားဘုတ်ပြင်ရွာနားမှာ မီးရှို့တယ်။ ကမ်းနားမှာ ကပ်ထားတဲ့ လှေတစ်စင်းကို မီးရှို့ဖျက်ဆီးတယ်။ နောက်တစ်စင်းကို ဓားတွေနဲ့ ခုတ်ထစ်ခဲ့တယ်။ စစ်ကြောင်းဝင်လာရင် ရွာသားတွေကို ပေါ်တာဆွဲသလို လက်နက်ခဲယမ်းတွေ ရိက္ခာတွေ သယ်ခိုင်းတာ။ လူသားဒိုင်းကာအနေနဲ့ ဖမ်းသွားတာတွေရှိတယ်”

စစ်ကြောင်းနှစ်ကြောင်းမှာ တစ်ခုက သြဂုတ် ၁၇ ရက်နေ့ကတည်းက ရွာစဥ်လှည့် စစ်ကြောင်းထိုးနေတာဖြစ်ပြီး နောက်တစ်ကြောင်းကတော့ သြဂုတ် ၂၉ ရက်နေ့မှ ထပ်မံဝင်ရောက်လာတာလို့ သူက ပြောပါတယ်။

စစ်ကြောင်းထိုးနေတဲ့အချိန် နှစ်ပတ်အတွင်း ဒေသခံ ကိုးဆယ်ခန့် စစ်ကြောင်းတွေနဲ့အတူ ဖမ်းခေါ်ခံရပြီး လက်ရှိမှာ အများစုက ပြန်လွှတ်လာကြပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဒီရက်ပိုင်းအတွင်း တနင်္သာရီတိုင်းထဲက တနင်္သာရီ၊ ပုလော၊ ကော့သောင်း၊ ထားဝယ် စတဲ့မြို့နယ်တွေမှာ တိုက်ပွဲဖြစ်တာနဲ့ စစ်ကြောင်းထိုးတာတွေ ဆက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။