လဝန်းထက်သာစက်ရုံ လုပ်သားတွေ လျော်ကြေးရပြီ
2016.07.20

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုံမှာရှိတဲ့ လဝန်းထက်သာ အထည်ချုပ်စက်ရုံက စက်ရုံရပ်နားလိုက်တဲ့အတွက် အလုပ်သမား ၈၅ ယောက်ကို စက်ရုံပိတ်နစ်နာကြေးနဲ့ လုပ်သက်အ လိုက် လျော်ကြေးငွေတွေ ထုတ်ပေးနေပါတယ်။
စက်ရုံပိတ်နစ်နာကြေးနဲ့ လုပ်သက်အလိုက် လျော်ကြေးငွေ စုစုပေါင်း ငွေကျပ်သိန်း ၃၀၀ နီးပါးကို စက်ရုံဘက်က ပြန်ပေးတာဖြစ်ပြီး ဒီနေ့ အပြီးသတ်ထုတ်ပေးမှာ ဖြစ်တယ်လို့ အလုပ်သမား ခေါင်းဆောင် မဝင်းဝင်းစိုး က ပြောပါတယ်။
"၁၈ ရက်နေ့က notice ကြေးနဲ့ လုပ်သက်အလိုက် ခံစားခွင့်ပေးတာ အကုန်လုံးတော့မကျေဘူး၊ ငါးသောင်း စီတော့ ကျန်ခဲ့တယ်၊ notice ကြေးဆိုတာက သူတို့တွေက အလုပ်သမားတွေကို အလုပ်ပိတ်မယ်ဆိုလို့ရှိရင် ကြိုပြီးတော့အသိပေးရမှာလေ၊ ချက်ချင်းပိတ်လိုက်တဲ့အတွက် တစ်လစာပေးရတယ်၊ ငါးသောင်းစီကျန်ခဲ့တာကို သူတို့ပေးမယ်လို့ချိန်းထားတာ ဒီနေ့သွားထုတ်မှာပါ"
စက်ရုံပိတ်သိမ်းမယ်ဆိုရင် အလုပ်သမားတွေကို တစ်လကြိုတင်အသိပေးရမှာဖြစ်ပြီး ကြိုတင်အသိမပေးဘဲ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က ပိတ်သိမ်းလိုက်တာကြောင့် စက်ရုံပိတ်နစ်နာကြေးအဖြစ် အလုပ်သမားတွေရဲ့ လစာငွေ တစ်လစာစီကို ပေးရတာဖြစ်ပါတယ်။
ဒါ့အပြင် တစ်နှစ်မှာ ၁၀ ရက် လုပ်သက်ခွင့်ရတာကို ခွင့်မယူဘဲ အလုပ်လုပ်ခဲ့တဲ့ အလုပ်သမားတွေအတွက် လုပ်သက်ခွင့်လစာတွေကို စက်ရုံဘက်က လာမယ့် သြဂုတ်လ ၈ ရက်နေ့မှာ ထုတ်ပေးမှာ ဖြစ်ပါတယ်။
လဝန်းထက်သာ အထည်ချုပ်စက်ရုံဟာ ၂၀၁၃ ခုနှစ်က စပြီး အလုပ်သမား ၁၀၀၀ နီးပါးနဲ့ ကိုးရီးယား အနွေးထည်တွေ၊ ကုတ်အင်္ကျ ီနဲ့ ဘောင်းဘီတွေကို ချုပ်လုပ် ခဲ့တာဖြစ်ပါတယ်။
စက်ရုံဘက်က လုပ်ခလစာတွေ အချိန်မှန်မပေးတာကြောင့် အလုပ်ကနေ နှုတ်ထွက်သူတွေများလာပြီး လုပ်သက် ၃ လကနေ ၃ နှစ်ကျော်အထိရှိတဲ့ အလုပ်သမား ၈၅ ယောက်သာ ကျန်နေတာ ဖြစ်ပါတယ်။