ရွှေလင်ဗန်းစက်ရုံ အလုပ် သမားတွေ နစ်နာကြေးတောင်း
2016.07.16

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုံမှာရှိတဲ့ လဝန်းထက်သာ အထည်ချုပ်စက်ရုံမှာ စက်ရုံရပ်နားလိုက်တဲ့အတွက် အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမား ၈၅ ယောက်က အလုပ်ထုတ်နစ်နာကြေး ရရှိဖို့နဲ့ လုပ်သက်အလိုက် လျော်ကြေးငွေရရှိဖို့ ဒီကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
အလုပ်ရှင်ဘက်က နစ်နာကြေးပေးမယ်လို့ ပြောထားပြီး အကြိမ်ကြိမ်ရွှေ့ဆိုင်းနေတဲ့အတွက် မစောင့်ဆိုင်းနိုင် တာကြောင့် ဆန္ဒပြတာဖြစ်တယ်လို့ အလုပ်သမားခေါင်းဆောင် မဝင်းဝင်းစိုးက ပြောပါတယ်။
"အလုပ်ရှင်ဘက်က တာဝန်မသိဘူး၊ တာဝန်မသိလို့ ဒီလိုတွေဆန္ဒပြနေရတာ၊ ကလေးတွေကို အလုပ်ထုတ်လိုက်တာနဲ့ တစ်ခါတည်းပေးမယ်ဆိုရင် ဒီလိုတွေပြစရာမလိုဘူး၊ တခြားလုပ်ငန်းခွင် ဝင်ပြီး အေးအေးချမ်းချမ်းလုပ်လို့ရနေပြီ၊ ဒီကိစ္စကို ထိထိရောက်ရောက် ညှိနှိုင်းပေးခြင်းမရှိဘူး၊ အလုပ်သမားတွေကိုက ၁၁ ရက်နေ့၊ အလုပ်ရှင်ဘက်က ၂၈ ရက်နေ့၊ ဒါကိုလူကြီးတွေက ကြားကာလအနေနဲ့ ၇ လပိုင်း ၂၀ ရက်နေ့ပေးလိုက်ပါဆိုတာကို အလုပ်သမားတွေဘက်က လက်ခံတယ်၊ အလုပ်ရှင်ဘက်က လက်မခံဘူး၊ ဘာကြောင့်ထိရောက်စွာ မပြောနိုင်တာလဲ၊ သူတို့ဘက်က ကတိတွေအကြိမ်ကြိမ်ပျက်လို့ ညီမတို့ဘက်က ဘယ်လိုမှ ယုံကြည်ပေးလို့မရတော့ဘူး "
ဆန္ဒပြအလုပ်သမားတွေဟာ လျော်ကြေးကိစ္စကို အလုပ်သမားဝန်ကြီးဌာနအနေနဲ့ အမြန်ဆုံးဖြေရှင်းပေး ဖို့ တောင်းဆိုတဲ့ ပိုစတာတွေကိုင်ဆောင်ပြီး လှိုင်သာယာမြိုနယ် ဘီအိုစီဝိုင်းကနေ အောင်ဇေယျတံတားအထိ လမ်းလျှောက်ဆန္ဒပြတောင်းဆိုတာဖြစ်ပါတယ်။
လဝန်းထက်သာ အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၈၅ ယောက်ရှိပြီး စက်ရုံကို ရပ်နားတော့မှာဖြစ်ကြောင်း ဇွန်လကုန်လောက်က အလုပ်သမားတွေကို အသိပေးခဲ့တာဖြစ်ပါတယ်။
အသိပေးပြီးနောက် အလုပ်သမားတွေကို ဇွန်လအတွက် လုပ်ခလစာ မပေးဘဲ စက်ရုံကို ရပ်နားခဲ့တဲ့အတွက် အလုပ်သမားတွေက စက်ရုံရှေ့မှာ ဆန္ဒပြခဲ့ရာ ပြီးခဲ့တဲ့ဇူလိုင်လ ၇ ရက်နေ့ကမှ ဇွန်လအတွက် လုပ်ခလစာကို ထုတ်ပေးခဲ့တာဖြစ်ပါတယ်။
အလုပ်သမားဥပဒေအရ စက်ရုံရပ်နားမယ်ဆိုရင် တစ်လကြိုတင်အသိပေးရမှာဖြစ်ပြီး ကြိုတင်အသိပေးခြင်းမရှိရင် အလုပ်သမားတွေကို နစ်နာကြေးပေးရမှာဖြစ်ပါတယ်။
ဆန္ဒပြအလုပ်သမားတွေက အလုပ်ထုတ်နစ်နာကြေး၊ လုပ်သက်အလိုက်လျော်ကြေးတွေပေးဖို့ အလုပ်သမား အလုပ်ရှင် ညှိနှိုင်းဖြေရှင်းရေးကော်မတီက ညှိနှိုင်းဆောင်ရွက်နေပေမယ့် မပြေလည်တာကြောင့် ခုံသမာ ဓိကောင်စီထံ တိုင်ကြားထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
အဲ့ဒီစက်ရုံဟာ ကိုရီးယားနိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး လှိုင်သာယာစက်မှုဇုန်မှာ တခြားအထည်ချုပ်စက်ရုံ နှစ်ရုံနဲ့ လည်း လည်ပတ်နေတာဖြစ်ပါတယ်။