ဒဂုံမြို့သစ်အရှေ့ပိုင်း ကိုရီးယားအထည်ချုပ်စက်ရုံမှာ ဆန္ဒပြ
2014.10.08
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်း စက်မှုဇုန်မှာရှိတဲ့ ‘လဝန်းမြန်မာ’ အထည်ချုပ်စက်ရုံမှာ လုပ်ခလစာမရကြသေးတဲ့ အလုပ်သမားတွေ မနေ့ ညပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။ မိမိတို့ အလုပ်ရှင် အလုပ်သမား ညှိနှိုင်း ဖြန်ဖြေရေးအဖွဲ့က ဒီကိစ္စကို သွားရောက်ဖြေရှင်းပေးခဲ့တယ်လို့ ဒဂုံမြို့သစ်တောင်ပိုင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုလေးက ပြောပါတယ်။
"အလုပ်ရှင်မှာ ငွေကြေးအခက်အခဲဖြစ်နေတော့ အပြည့်အဝမပေးနိုင် ဖြစ်နေတာပေါ့၊ အဲ့နေ့မှာပဲ သိန်း ၁ဝဝ ထုတ်ပေးခဲ့တယ်ပေါ့၊ ကျန်တဲ့ငွေကိုတော့ ၁၁ ရက်နေ့မှာ ထုတ်ပေးမယ်ခင်ဗျ၊ လစာကတော့ တစ်ယောက်နဲ့ တစ်ယောက်မတူဘူးပေါ့၊ အလုပ်ဆင်းတဲ့ရက်အပေါ် မူတည်တယ်ဆိုတော့ သူတို့ရတဲ့ငွေရဲ့ တဝက်နည်းပါးလောက် ငါးသောင်းပါတယ်၊ လေးသောင်းပါတယ်ပေါ့နော် အစားစားပေါ့၊ ကျန်တဲ့ငွေကို ၁၁ ရက်နေ့မှာ ပေးမှာပေါ့နော်"
အဲဒီစက်ရုံက အလုပ်သမားတွေဟာ စက်တင်ဘာလအတွက်လစာကို အောက်တိုဘာလ ၇ ရက်နေ့အထိ မရရှိကြသေးတဲ့အတွက် အခုလို ဆန္ဒပြတောင်းဆိုကြတာဖြစ်ပါတယ်။
အလုပ်ရှင်ဘက်က ငွေကြေးအခက်အခဲကြောင့် ပေးဖို့ရှိတဲ့လစာငွေတွေကို တချိန်တည်းနဲ့ မပေးနိုင်တဲ့ အတွက် နှစ်ကြိမ်ခွဲပြီးပေးဖို့ စီစဉ်လိုက်ရတယ်လို့လည်း ဦးကိုကိုလေးက ပြောပါတယ်။
ကိုရီးယားလူမျိုးတစ်ဦးပိုင်ဆိုင်တဲ့ အဲဒီ့ အထည်ချုပ်စက်ရုံမှာ မြန်မာအလုပ်သမား နှစ်ရာကျော်ရှိတယ်လို့ သိရပါတယ်။
အလုပ်ရှင်အလုပ်သမား ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ဝင် ဒဂုံမြို့သစ်တောင်ပိုင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုလေးကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ် မေးမြန်းထားပါတယ်။