ဝန်ကြီးဌာနက အင်းဝအပ်ချုပ်ဆိုင်မိသားစုကို အမှုဖွင့်


2016.09.22
dr-winmyataye-620.jpg လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကို တွေ့ရစဉ်
Photo: Prof Win Myat Aye(facebook)

အိမ်အကူမိန်းကလေးငယ်နှစ်ဦးကို နှိပ်စက်မှုနဲ့ ရန်ကုန်မြို့  ကျောက်တံတားမြို့နယ် အင်းဝအပ်ချုပ်ဆိုင် မိသားစု ဝင်တွေကို ကလေးသူငယ်ဥပဒေအရ  လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက မနေ့က  အမှုဖွင့်လိုက်ပါတယ်။

ကလေးသူငယ်ဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ ကျောက်တံတားမြို့နယ်ရဲစခန်းမှာ အမှုဖွင့်လိုက်တာလို့ လူမှုဝန်ထမ်း ကယ် ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

"ကလေးသူငယ်တွေကို စောင့်ရှောက်တဲ့ဥပဒေတွေ ရှိနေတယ်ပေါ့နော်၊ ဖြစ်နေတဲ့အဖြစ်အပျက်က အဲ့ဥပဒေထဲမှာ ပုဒ်မ ၆၆ (ဂ)နဲ့ ပတ်သက်နေတယ်၊ သတင်းရရှိတဲ့အခါကျတော့ ကျနော်တို့မှာ တာဝန်ရှိတယ်၊ ဒါကြောင့် တာဝန်ရှိတဲ့အတိုင်း အရေးယူဆောင်ရွက်တာဖြစ်ပါတယ်"

အင်းဝအပ်ချုပ်ဆိုင် မိသားစုဝင်တွေဟာ အဲဒီမိန်းကလေးနှစ်ဦးကို ကိုယ်လက်အင်္ဂါချို့ယွင်းစေတဲ့အထိ နှိပ်စက်ခဲ့တဲ့ အတွက် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့ကလည်း စက်တင်ဘာလ ၂၁ ရက်နေ့က အမှုဖွင့်ထားပါတယ်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနဲ့ အဲဒီမိန်းကလေးငယ်နှစ်ဦးကို ဗဟန်းမြို့နယ် အမျိုးသမီးသက်မွေးပညာသင်ကျောင်းမှာ သူတို့ရဲ့ မိခင်နဲ့အတူ ခေါ်ယူထိန်းသိမ်း စောင့်ရှောက် ထားမှာဖြစ်ပါတယ်။

မိန်းကလေးငယ်နှစ်ဦးရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်လက်အင်္ဂါတွေ ပုံမှန်အတိုင်း ပြန်လည် ကောင်းမွန်လာအောင် လည်း လုပ်ဆောင်ပေးမှာဖြစ်သလို အသက်မွေးဝမ်းကျောင်းပညာရပ် တက်မြောက်တဲ့အထိ စောင့်ရှောက်ပေး သွားမယ်လို့ ပြောပါတယ်။

ဒေါက်တာဝင်းမြတ်အေးကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။