ဆန္ဒပြကျောင်းသားကျောင်းသူ ၄၇ ဦးကို တရားစွဲဆို


2015.04.02
myinchan-students-protest305.jpg ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေလွတ်မြောက်ရေး မြင်းခြံမြို့မှာ ဆန္ဒပြကြစဉ်
Photo: Hset Paing Toe/RFA

မြန်မာအစိုးရအာဏာပိုင်တွေဟာ မြင်းခြံနည်းပညာ တက္ကသိုလ်နဲ့ မန္တလေး ရတနာပုံတက္ကသိုလ်မှာ ဆန္ဒပြ ခဲ့ကြတဲ့ ကျောင်းသား ၄၇ ဦးကို တရားစွဲဆိုလိုက် ပါတယ်။

သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ သပိတ်မှောက် ကျောင်းသား၊ ကျောင်းသူတွေ ပြန် လွှတ်ပေးဖို့ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့မှာ တောင်းဆို ဆန္ဒပြခဲ့တဲ့အထဲက မြင်းခြံနည်းပညာ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးကို တရားမဝင် စီတန်းလှည့်လည်ခွင့်ဥပဒေ ပုဒ်မ ၁၈ နဲ့ မြင်းခြံ မြို့မရဲစခန်းက တရားစွဲဆိုလိုက်တာပါ။

မြင်းခြံခရိုင် ဗကသအဖွဲ့ဝင် ကျောင်းသားတွေကတော့ တရားရင်ဆိုင်မှာမဟုတ်ကြောင်း တရားစွဲခံထားရာ မှာပါဝင်တဲ့ မြင်းခြံနည်းပညာတက္ကသိုလ် တတိယနှစ်ကျောင်းသား ဗကသအဖွဲ့ဝင် ကိုဇော်လင်းအောင် က ပြောပါတယ်။

"မနေ့က ကျနော်တို့စာမေးပွဲဖြေပြီးတဲ့အချိန်မှာ သူတို့နာမည်စာရင်းထဲမှာပါတဲ့ ကျောင်းသားတွေကို အဲ့စာရွက်တွေလိုက်ဝေတာ၊ လက်ပံတန်းသပိတ် အကြမ်းမဖက်ဖို့ ကျနော်တို့ ပထမဆန္ဒထုတ်ဖော်တယ်၊ နောက် တခါ သူတို့အကြမ်းဖက်ပြီးတော့ ကျောင်းသားတွေကို ဖမ်းသွားတဲ့အခါမှာ ကျောင်းသားတွေ ပြန်လည် လွတ်မြောက်ဖို့ လှုပ်ရှားမှုတွေလုပ်တယ်၊ အဲ့ဒါကိုစွဲတယ်လို့ ယူဆရတယ်ပေါ့၊ ဒီနေ့တွေ့ဖို့ချိန်းထားတယ်၊ သူတို့ဆီကို ကျနော်တို့သွားပြီး မရင်ဆိုင်ဘူးဆိုတာက သူတို့ကရိုးသားမှုမရှိဘူး၊ ပုဒ်မ ၁၈ နဲ့ဆိုရင်ကိစ္စမရှိဘူး၊ တခြားမလိုလားအပ်တဲ့ပုဒ်မတွေ သူတို့ကတပ်ချင်တိုင်းတပ်၊ မြင်းခြံနည်းပညာကောလိပ် ဗကသအားလုံး သဘောထားက ဒီအမှုကိုရင်ဆိုင်မှာမဟုတ်ဘူး"

အလားတူပဲ မန္တလေးတိုင်းဒေသကြီး ရတနာပုံတက္ကသိုလ်ကျောင်းဝင်းအတွင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ကျောင်းသားသပိတ်စစ်ကြောင်းကို ထောက်ခံကြောင်း ဆန္ဒပြခဲ့တဲ့တက္ကသိုလ်က ကျောင်းသား ၊ ကျောင်းသူ ၃၇ ဦးကို အမရပူရမြို့နယ်ရဲစခန်းက တရားစွဲဆိုထားပါတယ်။

ဒီနေ့ အမရပူရမြို့နယ် ရဲစခန်းမှူးနဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ တရားစွဲခံရသူကျောင်းသား ကိုနိုင်ရဲဝေက ရတနာပုံတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၃၇ ဦးကို တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ တရားစွဲခံထားတဲ့အကြောင်း ပြောပါတယ်။

"ရတနာပုံတက္ကသိုလ်ထဲမှာ ၂ လပိုင်းက လုပ်တဲ့ကိစ္စပေါ့နော်၊ ၃ လပိုင်း ၂၃ ရက်နေ့မှာပဲ ကျနော် တို့ကို ပြန်ပြီးတော့တရားစွဲဖို့ဆိုပြီးတော့ အမှုပြန်ဖွင့်တယ်ပေါ့၊ ကျောင်းသား ၂၇ ဦးပေါ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် က ဖိအားပေးတဲ့အတွက်ကြောင့်မို့ မဖမ်းသေးဘူးလား၊ မလုပ်သေးဘူးလားလို့ ပြောတဲ့အတွက် အမရပူရစခန်းမှူး က ကျေကျေလည်လည်ခေါ်ယူပြီးတော့ ဆွေးနွေးတာပဲ"

ဆန္ဒပြပွဲမှာပါဝင်သူတွေထဲက ကျောင်းသားတွေနဲ့ ကူညီဝန်းရံသူတွေကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့တရားစွဲထားပြီး ကျောင်းသားအတော်များများကိုတော့ ပုဒ်မ ၅၀၅ (ခ) အပါအဝင် တာဝန်ဝတ္တရား နှောင့်ယှက် မှု ပုဒ်မ ၁၄၃ ၊ ပုဒ်မ ၁၄၅ တို့နဲ့လည်း အမှုဖွင့်ထားသလို တချို့ကိုလည်း ဖမ်းဝရမ်းထုတ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။