လူနည်းစုဘာသာဝင်တွေကို လုံခြုံမှုပေးဖို့ ရှေ့နေဦးကိုနီ တိုက်တွန်း


2016.07.09
koni-620.jpg ရှေ့နေ ဦးကိုနီ ကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ၂ဝ၁၆ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့က တွေ့ရစဉ်
Photo: Htet Arkar/RFA

မြန်မာနိုင်ငံက ဗုဒ္ဓဘာသာမဟုတ်တဲ့ လူနည်းစုဘာသာဝင်တွေလုံခြုံဖို့အတွက် အစိုးရနဲ့ လူများစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်တွေက ကူညီစောင့်ရှောက်ပေးဖို့ မြန်မာနိုင်ငံမွတ်စလင်စီးပွားရေး လုပ်ငန်းရှင်များအသင်း ဥပဒေအကြံပေး ရှေ့နေဦးကိုနီက မေတ္တာရပ်ခံလိုက်ပါတယ်။

မနေ့ညက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ မြန်မာနိုင်ငံမွတ်စလင် စီးပွားရေးလုပ်ငန်းရှင်များအသင်းက ဦးဆောင် ကျင်းပတဲ့ အစ်နေ့အထိမ်းအမှတ် ဘာသာပေါင်းစုံ ညစာစားပွဲအခမ်းနားမှာ ရှေ့နေဦးကိုနီက ပြောခဲ့တာဖြစ် ပါတယ်။

"လူနည်းစုဘာသာဝင်ဆိုတာဟာ ကျနော်တို့တိုင်းပြည်မှာ အစ္စလာမ်ဘာသာတစ်ခုတည်း မဟုတ်ပါဘူး၊ ချင်းမှာလည်း ရှိပါတယ်၊ ကရင်မှာလည်း ရှိပါတယ်၊ တခြား တခြားသော ဘာသာတွေလည်းရှိပါတယ်၊ လူနည်းစုဘာသာဝင်ဟာ လူများစုကြားထဲမှာ ပြဿနာတစ်ခုခုဖြစ်ရင် မိမိကယ်မိမိ ကာကွယ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး၊ ကျနော်တို့လို လူများစုက ကာကွယ်စောင့်ရှောက်ပေးမှသာ ကျနော်တို့ရဲ့ဘဝဟာ လုံခြုံနေမှာဖြစ်ပါတယ်၊ နိုင်ငံတော်ရဲ့အရေးပါတဲ့ တာဝန်တွေကိုထမ်းဆောင်နေတဲ့ အာဏာစက်ကို အပိုင်စိုးတဲ့ အစိုးရကြီးများက ကာကွယ်စောင့်ရှောက်ပေးမှသာ ကျနော်တို့ လူနည်းစုဘာသာဝင်ရဲ့ လုံခြုံစိတ်ချမှုကို ရရှိမှာဖြစ်ပါတယ်"

တိုင်းပြည်ရဲ့တည်ငြိမ်ရေးနဲ့ အေးချမ်းရေးကို ထိပါးစေတဲ့ လူတချို့ရဲ့ထောင်ချောက်ထဲကို အစ္စလာမ်ဘာသာ ဝင်တွေ မပါဝင်မိဖို့ကိုလည်း ရှေ့နေဦးကိုနီက တိုက်တွန်းခဲ့ပါတယ်။

အစ်နေ့အထိမ်းအမှတ် ဘာသာပေါင်းစုံ ညစာစားပွဲကို တက်ရောက်လာတဲ့ သာသနာရေးနဲ့ ယဉ်ကျေး မှု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက- အစိုးရအနေနဲ့ ဘာသာပေါင်းစုံကိုးကွယ်တဲ့ တိုင်းရင်းသား ၊ နိုင်ငံသားတွေရဲ့ ဘဝလုံခြုံအေးချမ်းဖို့အတွက် အစွမ်းကုန်ကြိုးစား လုပ်ဆောင်နေတယ်လို့ သူ့ရဲ့မိန့်ခွန်းမှာပြောခဲ့ပါတယ်။

ဘာသာပေါင်းစုံ ညစာစားပွဲအခမ်းနားကို NLD နာယက သူရဦးတင်ဦး၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး စကော့မာရှယ် အပါအဝင် နိုင်ငံခြားသံအရာရှိတွေ၊ အစ္စလာမ်ဘာသာရေးဆိုင်ရာ အကြီးအကဲတွေ တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။