သန္တိသုခကျောင်း သံဃာများအတွက် MLN က အမှုလိုက်ပေးမည်
2014.06.17

ရန်ကုန် အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်း ခံနေရတဲ့ တာမွေမြို့နယ် မဟာသန္တိသုခ ကျောင်းတိုက် က ဆရာတော် ဦးဥတ္တရ(အင်္ဂလန်) နဲ့ သံဃာ ၄ ပါးအတွက် မြန်မာနိုင်ငံရှေ့နေများကွန်ရက် က ရှေ့နေလိုက်ပေးမယ်လို့ သိရပါတယ်။
အမှုကိုလိုက်ပါဆောင်ရွက်ပေးမယ့် မြန်မာနိုင်ငံ ရှေ့နေ များကွန်ရက်က ရှေ့နေ ဦးအောင်သိန်းက အခုလိုပြော ပါတယ်။
"ဘုန်းကြီးတွေရဲ့ ပါဝါယူမယ်၊ ယူပြီးတော့ တရားရုံးမှာ ပါဝါစာရွတ်မယ်၊ စာရွတ်ပြီးတော့ ဘုန်းကြီးဆီ ပြန် ညွှန်ကြားချက်ယူရမှာပေါ့၊ တရားရုံးစွဲဆိုထားတဲ့ လမ်းကြောင်းကို သူတို့ကိုရှင်းပြပြောပြီးတော့ ကျနော်တို့က အမှုကို ဘယ်လိုချေပသွားမလဲဆိုတာ ကျနော်တို့ရွေးချယ်ရမှာပေါ့"
ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့က တာမွေမြို့နယ် တရားရုံးမှာ မဟာသန္တိသုခကျောင်းတိုက်က ဆရာတော်ငါးပါးကို ရုံးထုတ်ပြီး အင်းစိန်အကျဉ်းထောင်မှာ လူဝတ်လဲစေကာ ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ ညသန်းခေါင်ချိန်မှာ မဟာသန္တိသုခကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ သံဃာ အပါး ၂၀ ကို ဖမ်းဆီးခဲ့ပြီး ၁၅ ပါးကို နောက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။
အထိန်းသိမ်းခံထားရတဲ့ သံဃာ ၅ပါးကို သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုထားပြီး ထောင်ဝင်စာတွေ့ ခွင့်ကို ၁လ ပိတ်ထားတယ်လို့ သိရပါတယ်။