စစ်တွေမှာ ဆန္ဒပြတဲ့ ကျောင်းသားသုံးဦးရဲ့အမှု ရှေ့နေအဖွဲ့လေးခု ကန့်ကွက်


2020.09.14
rakhine-students-protest-622.jpg 4G အင်တာနက်ပြန်ဖွင့်ပေးရေး ရခိုင်ပြည်နယ် အစိုးရရုံးရှေ့မှာ ၂၀၂၀ စက်တင်ဘာ ၉ ရက်နေ့က ကျောင်းသားတချို့ ဆန္ဒပြစဉ်
Photo: Ni Min Tun/RFA

စစ်တွေမြို့မှာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ ကျောင်းသားသုံးဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အမှုဖွင့်ထားတဲ့အပေါ် ရခိုင်ပြည်နယ်အခြေစိုက် ရှေ့နေအဖွဲ့ လေးခုက ကန့်ကွက်ရှုတ်ချတယ်ဆိုပြီး စက်တင်ဘာ ၁၃ ရက် မနေ့ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂက ကိုတိုးတိုးအောင်၊ ကိုကျောင်နိုင်ဌေး၊ ကိုဦးသန်းနိုင်တို့ သုံးဦးဟာ စတင်ဘာလ ၉ ရက် နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရရုံးရှေ့မှာ ပြည်နယ်အစိုးရ အလိုမရှိ၊ 4G အင်တာနက်ဖွင့်ပေးရေးနဲ့ စစ်တပ်ကို ထောက်ပြဝေဖန်တဲ့ ဆိုင်းဘုတ်တွေကိုင်ပြီး ဆန္ဒပြ တောင်းဆိုခဲ့ကြတာပါ။

သူတို့ကို ငြိမ်းစုစီဥပဒေနဲ့ တရားမစွဲဘဲ အာမခံမရနိုင်တဲ့ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေနဲ့ တရားစွဲဆိုမှုအပေါ် ရှုတ်ချတယ်လို့ ရခိုင်ပြည်နယ် ရှေ့နေများကောင်စီ၊ စစ်တွေခရိုင် ရှေ့နေများအသင်း၊ Legal Clinic Myanmar (ရခိုင် ရုံးခွဲ) နဲ့ သဇင် ဥပဒေဆိုင်ရာ ထောက်ပံ့ကူညီရေးအဖွဲ့ တွေက ကြေညာချက်ထုတ်ပြန် လိုက်တာပါ

ဒီဥပဒေနဲ့ သက်ဆိုင်မှု မရှိတာကြောင့် အခုလို ကန့်ကွက်ရှုတ်ချတာလို့ Legal Clinic Myanmar ရခိုင်ရုံးခွဲရဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်မြသူဇာက RFA ကို ပြောပါတယ်။

စက်တင်ဘာလ ၁၀ ရက်နေ့မှာတော့ သူတို့ကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၅၊ ၂၉ တို့နဲ့အမှုဖွင့်ထားပြီး စစ်တွေမြို့နယ်တရားရုံးမှာ ချုပ်ရမန် နှစ်ပတ်ယူခဲ့ပါတယ်။

သဘာဝဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ၂၅ မှာ မည်သူမဆို ဆန်းစစ်ချက် မပြုလုပ်ဘဲ ပေါ့ဆစွာ ဆောင်ရွက်မှုတစ်ခုခုကြောင့်ဖြစ်စေ၊ ဘေးအန္တရာယ် တစ်စုံတစ်ရာ ကျရောက်နိုင်သည်ကို သိလျက်နဲ့ တမင် ပြုလုပ်မှုကြောင့်ဖြစ်စေ၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ရင် သို့မဟုတ် ဖြစ်ပေါ်စေရန် အကြောင်းရှိရင် ကျူးလွန်ပါက သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

မန္တလေးမြို့မှာလည်း စက်တင်ဘာလ ၁၀ ရက်နေ့မှာ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင်တွေက အလားတူ ဆန္ဒပြခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ဗကသ အဖွဲ့ဝင် ၁၅ ယောက်လောက်ကို ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ (၁၉) နဲ့ အမှုဖွင့်ထားပါတယ်။ ဒီပုဒ်မနဲ့ အရေးယူခံရတဲ့ ဆန္ဒပြသူအများစု အများဆုံး ကျခံရတာကတာ့ ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် ၁၅ ရက် ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။