သင်္ကြန်ကာလ ငြိမ်းချမ်းရေးမြို့ လေးကေ့ကော်ကို စစ်တပ်က ထိုးစစ်ဆင်

2022.04.15
သင်္ကြန်ကာလ ငြိမ်းချမ်းရေးမြို့ လေးကေ့ကော်ကို စစ်တပ်က ထိုးစစ်ဆင် စစ်လေယာဥ်တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် လေးကေ့ကော်မြို့ရှိ စာသင်ကျောင်းအား ၂၀၂၂ ခုနှစ် ဧပြီလ ၁၁ ရက်နေ့မှာ တွေ့ရစဉ်
Photo: Cobra Column

ကရင်ပြည်နယ် ငြိမ်းချမ်းရေးမြို့ဖြစ်တဲ့ လေးကေ့ကော်ကို သင်္ကြန်အကျနေ့ မနေ့ ညပိုင်းကစလို့ ဒီနေ့ သင်္ကြန်အကြတ်နေ့ မနက်ပိုင်းအထိ စစ်တပ်က လက်နက်ကြီး ကျည်တွေ တရစပ် ပစ်ခတ်ရင်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ တိုက်ပွဲအတွင်း ပါဝင်နေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ဒီထိုးစစ်ဟာ လေးကေ့ကော်မြို့အနီး ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNLA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ တောင်ကုန်းတွေကို တိုက်ခိုက်နေတာပါ။

တိုက်ပွဲအတွင်း စစ်တပ်ဘက်က လက်နက်ကြီးကျည်ကို မိုးရွာသလို တရစပ် ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ အဲဒီနေရာမှာ KNLA နဲ့ ပူးပေါင်းထားတဲ့ Cobra Column အဖွဲ့ရဲ့ ပြောခွင့်ရသူ ကိုမျိုးသူရကိုကိုက ပြောပါတယ်။

“သူတို့ဘက်က လက်နက်ကြီး အမြောက်အမြား သုံးတယ်။ ကျည်မိုးရွာသလိုမျိုးပေါ့လေ။ အမြောက်အမြား သုံးတာကို တွေ့ရတယ်ဗျ။ ၄၀ မမ၊ ၆၀ မမ၊ ၈၁ နဲ့ ၁၂၀ မမတွေ သူတို့ဘက်က အသုံးပြုတာကို တွေ့ရပါတယ်။ နှစ်ဖက်တိုက်ပွဲဖြစ်ကြပြီးတော့ ဒီနေ့ မနက် ၃ နာရီ ခွဲပေါ့လေ။ အကြတ်နေ့ မနက်ပိုင်းမှာဆိုရင်တော့ သူတို့ဘက်ကနေ ပြီးတော့ အကျအဆုံး များစွာနဲ့ ဆုတ်ခွာသွားတယ်။ ကျနော်တို့ ရဲဘော်တွေလည်း ကိုက် ၁၀၀ နီးပါးလောက် နီးကပ် သွားတဲ့အတွက် သူတို့ ကျဆုံးတာတွေ၊ သေဆုံးတာတွေကို မြင်ရပါတယ်။ ဒါပေမဲ့ ညဘက် ဖြစ်တဲ့အတွက်ကို ဘယ်လောက်ကျဆုံးတယ်ဆိုတော့ အရေအတွက်ကိုတော့ မှန်းရခက်ပါတယ်”

KNLA နဲ့ Cobra Column တို့ တပ်စွဲထားတဲ့ တောင်ကုန်းတွေ ကျမသွားသလို ထိခိုက် ကျဆုံးမှုလည်း မရှိဘူးလို့ သူက ပြောပါတယ်။ ဒီအပြင် စစ်တပ်ဘက်က RPG ကျည်တစ်ဘူး၊ ဗုံးသီးတစ်လုံး၊ ဖုန်းနှစ်လုံးနဲ့ စစ်အသုံးအဆောင် ပစ္စည်းတချို့ကို ဒီမနက်မှာ နယ်မြေ ရှင်းလင်းရင်း ရရှိခဲ့တယ်လို့ ကိုမျိုးသူရကိုကိုက ပြောပါတယ်။

KNLA ပူးပေါင်းတပ်တွေ နေရာယူထားတဲ့ ဒီတောင်ကုန်းတွေဟာ လေးကေ့ကော်ဒေသကို စိုးမိုးနိုင်ဖို့အတွက် အချက်အချာကျတာကြောင့် စစ်တပ်ဘက်က အသည်းအသန် လိုချင်နေတာလို့ KNU ဗဟိုနိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးကတော့ သုံးသပ်ပါတယ်။

“သူတို့ရဲ့ အဓိက ရည်မှန်းချက်ကတော့ နယ်မြေစိုးမိုးရေးပဲလေ။ အဲဒါကို ကျားကုတ် ကျားခဲ လုပ်ချင်တာတော့ ရှိတယ်။ အဲဒီ အခြေအနေအရတော့ သိတဲ့အတိုင်းပဲလေ။ တစ်ခါမဟုတ် နှစ်ခါမဟုတ်။ ညတုန်းကလည်း သူတို့ ကြိုးစားတယ်။ ဒါပေမဲ့ ပြန်ဆုတ်ရတာပဲလေ။ အဲဒီအနေအထား ရှိပါတယ်။ မအောင်မမြင်မချင်း သူတို့လုပ်မှာ။ ကျနော်တွက်တာကတော့ မိုးမကျခင်၊ မိုးမကျမချင်းကတော့ သူတို့ ဆက်လုပ်ဦးမှာ ပဲလေ။ ဒါပေမဲ့ ထူးခြားတာ ကတော့ တစ်ခါပြီးတစ်ခါ ရလဒ်မထွက်ဘဲနဲ့ ဒီလောက် အသေခံနေတာ စဉ်းစားစရာတော့ ဖြစ်တာပေါ့”

ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့ကလည်း စစ်တပ်ဟာ ကုန်းကြောင်းရော၊ လေကြောင်းနဲ့ပါ လေးကေ့ကော်ဒေသကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါသေးတယ်။ အဲဒီတိုက်ပွဲမှာလည်း စစ်တပ်ဘက်က ဗိုလ်အဆင့်ရှိသူ တစ်ဦးကို ဖမ်းဆီးရမိပြီး ၂၀ ဦးခန့် သေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ခဲ့ပါတယ်။

စစ်တပ်ရဲ့ ဧပြီလ ၁၃ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ လေးကေ့ကော်မြို့ အမှတ် ၆ ရပ်ကွက်ကို ဝင်ရောက် ရှင်းလင်းတဲ့အခါ ချောင်းမြောင်းပစ်ခတ်ခံရတဲ့အတွက် အရာရှိစစ်သည်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

"သူတို့ရဲ့ အဓိက ရည်မှန်းချက်ကတော့ နယ်မြေစိုးမိုးရေးပဲလေ။"

NCA သဘောတူညီချက်တွေကို ကျူးလွန်ဖောက်ဖျက်နေတဲ့အတွက် လေးကေ့ကော်မှာ တည်ငြိမ် အေးချမ်းမှုရရှိအောင် လိုအပ်တဲ့လုံခြုံရေးလုပ်ငန်းတွေ ဆက်ဆောင်ရွက် သွားမယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မနေ့ညက တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီးလို့တော့ RFA ရဲ့ ဆက်သွယ်မေးမြန်းမှုကို စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

လေးကေ့ကော်အနီး တိုက်ပွဲတွေကြောင့် သောင်းရင်းမြစ်ဘေး ဖလော့ထဖိုး စစ်ဘေး ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ဦးမျက်မှန်က တိုက်ပွဲတွေ ခပ်မြန်မြန် ပြီးသွား စေချင်တယ်လို့ RFA ကို ပြောပါတယ်။

“ဖြစ်ရင်လည်း ဖြစ်ပေါ့နော်။ တစ်ဖက်နဲ့ တစ်ဖက်နဲ့ ဖြစ်မှာဆိုရင်လည်း ပစ်ကြ ခတ်ကြပေါ့။ သူတို့ လက်နက်ကိုင် တွေ တိုက်ကြပေါ့။ ကျနော်တို့ကတော့ ဒီလိုကြီး ရေရှည်ကြီးဆွဲပြီး တိုက်နေမယ့်အစား ဒီလိုချည်း မြန်မြန်ဆန်ဆန် ပစ်ကြခတ်ကြရင် ပိုကောင်းတာပေါ့။ တစ်ဖက်နဲ့တစ်ဖက် အရှုံးအနိုင် မြန်မြန်ပေါ်ပေါ့။ အဲဒါဆိုရင်တော့ အဆင်ပြေသွားမှာ။ အခုဟာက ကျနော်တို့ ရွာသားတွေက ပြေးနေရတယ်။ သူတို့က ရွာထဲမှာ ဟိုက ဝင်လာလိုက်၊ ဒီက ဝင်လာလိုက်နဲ့ နားလိုက်၊ ပစ်လိုက်ဆိုတော့ ကျနော်တို့လည်း သိပ်တော့ အဆင်မပြေတော့ဘူးပေါ့”

အခုဆိုရင် လေးကေ့ကော်မြို့မှာ ကျန်ခဲ့တဲ့ အိမ်တိုင်းနီးပါး ဖောက်ထွင်းခံခဲ့ရပြီး အခွံပဲ ကျန်တော့တယ်လို့လည်း ဦးမျက်မှန်က ပြောပါတယ်။

လေးကေ့ကော်မြို့မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၅ ရက်က စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ တစ်သောင်းကျော်ဟာ သောင်းရင်းမြစ်ဘေးတစ်လျှောက် ကျောက်ခက်၊ ထီပေါပိုး၊ ဖလော့ထဖိုး၊ ဝေါ့လေ၊ မင်းလက်ပံ စတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ တိမ်းရှောင် နေရပါတယ်။

တိုက်ပွဲတွေ ပြင်းထန်လာလို့ လက်နက်ကြီးသံ၊ အမြောက်ပစ်သံတွေကြားရင် ထိုင်းနိုင်ငံဘက်ခြမ်းကို ပြေးရပြီး ပစ်ခတ်သံတွေ ပြန်ငြိမ်သွားရင်တော့ ထိုင်း အာဏာပိုင်တွေက နေရပ်ပြန်ဖို့ ဖိအားပေးတာကြောင့် သောင်းရင်းမြစ် ဘေးကို ပြန်လာရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။