လေးကေ့ကော် တိုက်ပွဲကြောင့် အရပ်သား ၃၀၀၀ ခန့် ထွက်ပြေးရ

ကရင်ပြည်နယ် မြဝတီမြို့ လေးကေ့ကော်မြို့သစ် မယ့်ထော်သလေးရွာအနီး စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေ အကြား ဒီဇင်ဘာ ၁၆ ရက် ဒီနေ့မှာလည်း တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဒေသခံတွေနဲ့ (KNU) တာဝန်ရှိသူတွေ က ပြောပါတယ်။
လေးကေ့ကော်မြို့သစ်မှာ မနေ့ကနဲ့ ဒီနေ့ နှစ်ရက်ဆက်ဖြစ်တဲ့ တိုက်ပွဲတွေကြောင့် မြို့လုံးကျွတ်နီးပါး ထွက်ပြေးနေရတယ်လို့ KNU ရဲ့ လေးကေ့ကော်မြို့တာဝန်ခံ တီးဖားတရား က ပြောပါတယ်။
"တိုက်ပွဲက မနေ့က ၁၀ နာရီလောက် တစ်ကြိမ်ဖြစ်တယ်၊ ညနေ ၅ နာရီလောက်မှာ တစ်ကြိမ်ဖြစ်တယ်။ ရွာသားတွေကတော့ မနက်ပိုင်းကတည်းက အကုန်လုံး ထွက်ပြေးကုန်တယ်။ လေးကေ့ကော်မြို့က လူဦးရေ ၃၀၀၀ လောက် ရှိတယ်။ တစ်ယောက်မှ မရှိတော့ဘူး။ အခုလက်ရှိ လေးကေ့ကော်နဲ့ နှစ်မိုင်လောက်ဝေးတဲ့ မယ်ထော့သလေးနားမှာလည်း တိုက်ပွဲဖြစ်နေတယ်"
လေးကေ့ကော်မြို့ အရှေ့ဘက် လေးဖာလုံအကွာက ထီးမယ်ဝါးခီးကျေးရွာမှာ ၂၅၀၀ ခန့်၊ လေးကေ့ကော်မြို့ အရှေ့တောင်ဘက် သုံးမိုင်အကွာက ဖလူးကျေးရွာမှာ ၅၀၀ စုစုပေါင်း စစ်ဘေးဒုက္ခသည် ၃၀၀၀ ခန့် ခိုလှုံ နေရတယ်လို့ တီးဖားတရား က ပြောပါတယ်။
လောလောဆယ်မှာ စစ်ဘေးဒုက္ခသည်တွေရဲ့ စားဝတ်နေရေးကို KNU က တာဝန်ယူထားတယ်လို့လည်း သူက ဆိုပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုချက်အရ ဒီကနေ့အထိ ဆက်ဖြစ်နေတဲ့ ပစ်ခတ်မှုတွေကြောင့် လေးကေ့ကော်အနီးမှာ ရှိတဲ့ မယ့်ထော်သလေး၊ မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး၊ ပဟိကလော်၊ ရသေ့ဂူ စတဲ့ကျေးရွာက အရပ်သားတွေ ကလည်း ကြောက်ရွံ့ပြီး နီးစပ်ရာ တောတွေနဲ့ သောင်ရင်း မြစ်တစ်ဘက်ကမ်း ထိုင်းနိုင်ငံဘက်ခြမ်းကို တဖြည်းဖြည်းချင်း တိမ်းရှောင်နေကြတာကြောင့် ဒုက္ခသည်အရေအတွက်ဟာ ထပ်တိုးဖို့ရှိနေပါတယ်။
KNU တပ်မဟာ ၆ ထိန်းချုပ်ထားတဲ့ လေးကေ့ကော်မြို့ထဲ ခိုလှုံနေသူ ၂၀ ကျော်ကို စစ်တပ်က ဒီဇင်ဘာ ၁၄ ရက်မှာ ဝင်ရောက်ဖမ်းဆီးတာကနေ နှစ်ဖက်တပ်တွေအကြား စစ်ရေးတင်းမာခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက် မနေ့က တိုက်ပွဲစဖြစ်ခဲ့တာပါ။
စစ်ကောင်စီ ရဲ့ ပြန်ကြားရေးဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ သူတို့အနေနဲ့ လေးကေ့ကော်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ဒေသခံ အရပ်သားခုခံကာကွယ်ရေးတပ် (PDF) တွေ ခိုလှုံနေတယ်ဆိုတဲ့ သတင်းကြောင့် ဝင်ရောက်ရှာဖွေတာ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
အဲဒီရှာဖွေမှုမှာ ဧရာဝတီတိုင်း မြောင်းမြမြို့နယ်က လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၊ အိမ်မဲမြို့နယ်က လွှတ်တော် ကိုယ်စားလှယ် တစ်ဦး အပါအဝင် လူအချို့ကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းနေတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောပါတယ်။
"လေးကေ့ကော်မြို့သစ်ဘက်မှာ လုံခြုံရေးဆောင်ရွက်ခဲ့တာ ရှိပါတယ်။ အဲဒီမှာ ခိုအောင်းနေတဲ့ NUG၊ PDF အဖွဲ့တွေထဲက မြောင်းမြ လွှတ်တော်ကိုယ်စားလှယ်၊ အိမ်မဲ လွှတ်တော်ကိုယ်စားလှယ် နှစ်ယောက် ကျွန်တော်တို့ ဖမ်းဆီးရမိခဲ့တာ ရှိတယ်။ မနေ့ကတော့ အဲဒီလုံခြုံရေးအဖွဲ့တွေနေရာကို လာရောက်ပြီး ချောင်းမြောင်းပစ်ခတ်ခဲ့တာ ရှိတယ်။ ကျွန်တော်တို့ဘက်က စစ်သည်တစ်ဦး ကျဆုံးပြီး တချို့ ဒဏ်ရာ ရရှိခဲ့တာရှိပါတယ်"
ကရင်ပြည်နယ်အခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ KIC သတင်းမှာတော့ မနေ့က တိုက်ပွဲအတွင်း စစ်တပ်ဘက်က ဗိုလ်ကြီးအဆင့်တစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦး၊ တပ်ကြပ်တစ်ဦး၊ ရဲဘော်အဆင့်တစ်ဦး စုစုပေါင်း လေးဦး သေဆုံးပြီး ဒုတိယ ဗိုလ်မှူးကြီး တစ်ဦး၊ ဗိုလ်ကြီး တစ်ဦး၊ ရဲဘော် တစ်ဦး စုစုပေါင်း သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
RFA အနေနဲ့ နှစ်ဖက် ထိခိုက်သေဆုံးမှုအခြေအနေကို သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

ထီးမယ်ဝါးခီးရွာမှာ ထွက်ပြေးနေရတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးကတော့ ဒီ တိုက်ခိုက်မှုတွေကို စစ်ကောင်စီဘက်က စတင်တာဖြစ်ပြီး ဒီကနေ့အချိန်အထိလည်း ၅ မိနစ်တစ်ခါ လက်နက်ကြီးတွေနဲ့ လေးကေ့ကော်ဘက်ကို ပစ်ခတ်နေဆဲဖြစ်တယ်လို့ RFA ကိုပြောပါတယ်။
ဒီပစ်ခတ်မှုတွေကြောင့် ဘေးလွတ်ရာကိုတိမ်းရှောင်နေတဲ့ အရပ်သားတွေဟာ လောလောဆယ် စားဝတ်နေရေးကိစ္စ မပူရသေးပေမယ့် နေစရာအခက်အခဲနဲ့ ရာသီဥတုဒဏ်ကို အလူးအလဲခံစားနေရတယ်လို့ အဲဒီအမျိုးသမီးက ပြောပါတယ်။
"အခက်အခဲတွေကတော့ အရမ်းအေးတော့ စောင်တွေဘာတွေ မရှိကြဘူး။ တချို့ဆိုရင် အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ပဲ ပြေးလာတယ်"
"အခုသူတို့ ပစ်နေတာက မယ့်ထော်သလေး ကျောင်းဝန်းထဲက ပစ်နေတာ။ အလုံးအကြီးတွေ ပစ်နေတာ၊ သုံးမိနစ် တစ်လုံးလောက်၊ ငါးမိနစ်တစ်လုံးလောက်ကို ပစ်နေတာ။ လူတွေကလည်း အကုန်လုံးလိုလို ပြောင်းရွှေ့နေပြီ။ အခက်အခဲတွေကတော့ အရမ်းအေးတော့ စောင်တွေဘာတွေ မရှိကြဘူး။ တချို့ဆိုရင် အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ပဲ ပြေးလာတယ်။ ဒီဘက်ခြမ်းမှာတော့ ထမင်းတွေကတော့ ချက်ကျွေး ကြတယ်။ ဒါပေမဲ့ စောင်တို့၊ ဘာတို့ မရှိကြဘူး။ ညဘက် အရမ်းအေးတော့ စုပြီးတော့ပဲ နေနေကြတယ်"
KNU ရဲ့ လေးကေ့ကော်မြို့တာဝန်ခံ တီးဖားတရားကတော့ တိုက်ပွဲတွေကြောင့် အရပ်သားတွေ စိုးရိမ် ကြောက်ရွံ့နေပြီး ဒီပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အမြန်ဆုံးမဖြေရှင်းနိုင်ရင် စစ်ဘေးဒုက္ခသည်တွေ ရေရှည်ရပ်တည်ဖို့ ခက်ခဲလာနိုင်တယ်လို့ RFA ကိုပြောပါတယ်။
ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေဘက်ကနေ နယ်ခြားစောင့်တပ် (BGF) က ပူးပေါင်းတိုက်ခိုက် ပေးနေသလို KNLA ဘက်ကလည်း ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) နဲ့ အရပ်သား ခုခံ ကာကွယ်ရေးတပ် (PDF) တွေ ပူးပေါင်းတိုက်ခိုက်နေကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လေးကေ့ကော်ဒေသအနီး နေထိုင်သူတွေက ပြောပါတယ်။
သမ္မတ ဦးသိန်းစိန်လက်ထက်က KNU နဲ့ အစိုးရအကြား ငြိမ်းချမ်းရေးပြယုဂ်အနေနဲ့ ဂျပန်နိုင်ငံ နီပွန် ဖောင်ဒေးရှင်းရဲ့ အကူအညီကိုယူပြီး ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ လေးကေ့ကော်မြို့သစ်ကို တည်ဆောက်ခဲ့တာပါ။ လူနေရပ်ကွက် ခြောက်ခုရှိပြီး လူဦးရေ ၃၀၀၀ ခန့်နေထိုင်တယ်လို့ KNU တာဝန်ရှိ သူတွေက ပြောပါတယ်။