ဖက်ဒရယ်အရေးမှာ ပါဝင်ကြဖို့ လီဆူခေါင်းဆောင်တိုက်တွန်း
2016.07.01

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရာမှာ လီဆူတိုင်ရင်းသားတွေ ပါဝင်ကြဖို့ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးဆီဖာလာလူးက တိုက်တွန်းပြောကြားလိုက်ပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဗက်လင် လီဆူနှစ်ခြင်း ခရစ်ယာန်အသင်းတော်ကျောင်းမှာ ဒီကနေ့ပြုလုပ်တဲ့ ပထမအကြိမ် လီဆူအမျိုးသား ညီလာခံဖွင့်ပွဲမှာ ဦးဆီဖာလာလူး က ပြောခဲ့တာပါ။
"ကျနော်တို့ ၂၁ ရာစု ပင်လုံညီလာခံ ပင်လုံစာချုပ်ကတိကဝတ်များကို အခြေခံပြီး ဆွေးနွေးသွားမယ်လို့ လည်း သိရပါတယ်၊ အဲ့ဒီအတွက် ကျနော်တို့ လီဆူတစ်မျိုးသားအနေနဲ့လည်း ကျနော်တို့ရဲ့ ရတောင့်ရခဲ အခြေအနေမှာ အခွင့်အရေးကို လက်လွတ်ဆုံးရှုံးမခံပဲ ဖက်ဒရယ်ကိုအခြေခံတဲ့ ဒီမိုကရေ စီပြည်ထောင်စုနိုင်ငံတော်ကြီး တည်ဆောက်ရာမှာ တစ်တပ်တစ်အားနဲ့ ပါဝင်သွားကြဖို့လည်း တိုက်တွန်းပြောလိုပါတယ်"
၂၁ ရာစု ပင်လုံညီလာခံမှာ လီဆူတိုင်းရင်းသားတွေကို ကိုယ်စားပြုတင်ပြဆွေးနွေးနိုင်ဖို့အတွက် အခု လီဆူညီလာခံမှာ အချက်အလက်တွေရှာဖွေ ဆွေးနွေးနေကြတယ်လို့ အခမ်းအနား စီစဉ်သူတွေကပြောပါတယ်။
လီဆူညီလာခံမှာ နိုင်ငံရေး၊ လူမှုရေး နဲ့ စီးပွားရေး၊ လုံခြုံရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒတွေ ကို ဆွေးနွေးနေကြတာဖြစ်ပြီး နိုင်ငံရေး ၊ လူမှုရေး၊ ဘာသာရေး စတဲ့နယ်ပယ်တွေက လီဆူတိုင်းရင်း သား ခေါင်းဆောင်တွေလည်းတက်ရောက်နေပါတယ်။
လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ဦးဆောင်ပြီး ပြုလုပ်နေတဲ့ အဲ့ဒီညီလာခံကို ရှမ်း၊ကချင်၊ မန္တလေး၊ ရန်ကုန် စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက လီဆူတိုင်းရင်းသား ၄၀၀ လောက် တက်ရောက်နေကြပါတယ်။