ဒီဇင်ဘာလအတွင်း စာပေညီလာခံ ၂၀၁၇ ကျင်းပမည်

2017.11.14
literature-conference-press-622.jpg စာပေညီလာခံကျင်းပရေး အတွင်းရေးမှူးအဖွဲ့ဝင် ဆရာမျိုးမြင့်ငြိမ်း ကို နိုဝင်ဘာလ ၁၄ ရက်နေ့တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

မြန်မာနိုင်ငံက စာပေပညာရှင်တွေနဲ့ အနုပညာရှင်တွေ စုပေါင်းပြီး လာမယ့် ဒီဇင်ဘာလအတွင်း စာပေညီလာခံ ကျင်းပသွားမယ်လို့ ညီလာခံကျင်းပရေး ဗဟိုကော်မတီက ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

စာပေညီလာခံ ကြိုဆိုပွဲအနေနဲ့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ စာရေးဆရာ ၁၀ဦးက ၅ရက်ကြာ ဟောပြော မှာဖြစ်ပြီး မြို့တော်ခန်းမရှေ့မှာ ဟောပြောခွင့်ရရှိတာ မြန်မာနိုင်ငံသမိုင်းမှာ အထူးခြားဆုံးဖြစ်တယ်လို့ စာပေညီလာခံကျင်းပရေး အတွင်းရေးမှူးအဖွဲ့ဝင် ဆရာမျိုးမြင့်ငြိမ်း က ပြောပါတယ်။

"စာပေညီလာခံအဖွဲ့ ကြိုဆိုပွဲပေါ့နော်။ အဲဒါဆိုလို့ရှိရင် ကျနော်တို့ မြို့တော်ခန်းမရှေ့မှာ စာရေးဆရာ ၁၀ ဦးကနေပြီးတော့ တစ်နေ့ကို ၂ ယောက် ၂ ယောက်နှုန်း ဟောပြောမှာပါ။ ၈၊ ၉၊ ၁၀၊ ၁၁၊ ၁၂။ အဲဒါကြီးက ကျနော်တို့ အရင်က ရန်ကုန်မြို့တော်ခန်းမရှေ့မှာဆိုလို့ရှိရင် စာရေးဆရာတွေ ဟောပြောပွဲ မကြုံခဲ့ဖူး ပါဘူး။ အရင်တုန်းက ကျနော်တို့ ၁၉၈၈၊ ၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကာလမှာဆိုရင် ကျောင်းသား၊ ပြည်သူ၊ ရဟန်းသံဃာများအပါအဝင် စာရေးဆရာတွေက ဒီရှေ့မှာ အလံထောင်ပြီးတော့ ဟောပြောခဲ့တာတွေ ရှိပါတယ်။ သို့သော် ဟောပြောလို့မှ မဆုံးခင်မှာပဲ စစ်ကားတွေရောက်လာတာ၊ သေနတ်တွေနဲ့ ပစ်တာခတ်တာ၊ ထိုးတာ နှက်တာ၊ ဒါတွေ အများကြီး ကျနော်တို့ ကြုံခဲ့ရပါတယ်။ ဟောပြော ပြီးတဲ့အချိန်မှာလည်း ဟောပြောလို့မဆုံးခင်မှာပဲ ထွက်ပြေးရတဲ့ဟာတွေ၊ ကျနော်တို့အလံတွေ မြောင်းထဲ မှာ ကျကျန်ခဲ့ရတယ်။ ဒါမျိုးတွေ ကျနော်တို့ သိက္ခာမဲ့စွာပေါ့နော်၊ လုပ်ခံခဲ့ရတယ်။ ကျနော်တို့ကို တန်ရာ တန်ဖိုးမထားခဲ့ဘူး။ စာပေအနုပညာသမားရယ်လို့ အသိအမှတ်မပြုခဲ့ဘူး။ အခုချိန်မှာတော့ ကျနော်တို့က ဂုဏ်သိက္ခာရှိရှိနဲ့ ကျနော်တို့ကို အသိအမှတ်ပြုခံရတယ်။ လက်ရှိ ပြည်သူကရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရအနေနဲ့ စာရေးဆရာတွေကို သိက္ခာရှိရှိ အသိအမှတ်ပြုပြီးတော့ ဒီနေရာမှာ ဟောပြောခွင့်ပေးခဲ့တာ။ အဲဒါ အင်မတန် ထူးခြားပါတယ်"

စာပေညီလာခံ ၂၀၁၇ ကျင်းပမယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ညီလာခံကျင်းပရေးကော်မတီက ဒီနေ့ ရန်ကုန်မြို့ မြို့တော်ခန်းမမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။

စာပေညီလာခံဆွေးနွေးပွဲကို ရန်ကုန်မြို့ မင်းဓမ္မလမ်းက MCC မြန်မာကွန်ဗန်းရှင်းစင်တာမှာ ဒီဇင်ဘာလ ၁၃၊ ၁၄၊ ၁၅ ရက်နေ့တွေမှာ မနက် ၉ နာရီကနေ ညနေ ၅ နာရီထိ ပြုလုပ်မှာဖြစ်ပြီး ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာလည်း စာပေညီလာခံအကြိုအနေနဲ့ ဒီဇင်ဘာလ ၈ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ စာပေဟောပြောပွဲတွေ၊ စာအုပ်ဈေးရောင်းပွဲတွေကို  မနက် ၁၀ နာရီကနေ ည ၁၀ နာရီထိ ကျင်းပသွားမှာဖြစ်ပါတယ်။

စာပေညီလာခံ ဖွင့်ပွဲကိုတော့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မျက်နှာစာမှာ ဒီဇင်ဘာလ ၁၂ ရက်နေ့ညနေ ၄ နာရီမှာ ဖွင့်ပွဲပြုလုပ်မှာပါ။

စာပေညီလာခံအတွင်း ဆွေးနွေးတဲ့ ဆွေးနွေးချက်တွေကို ပြန်ကြားရေးဌာနကို ပေးပို့မှာဖြစ်ပါတယ်။ စာပေ ညီလာခံ တက်ရောက်လိုတဲ့ ဘယ်သူမဆို စာပေညီလာခံ ကျင်းပရေးကော်မတီ ရုံးခန်း တည်ရှိတဲ့ Yangon Book Plaza ကို ဆက်သွယ်နိုင်သလို၊  ဖုန်းနံပါတ် ၀၉- ၇၇၇၇ ၀၁၃၈၉ ၊ အီးမေး sarpaynyilarkhan2017 ကို ပေးပို့ လို့ရကြောင်း သတင်းစာရှင်းလင်းပွဲမှာ အသိပေးပြောခဲ့ပါတယ်။

အဲဒီလိုဆက်သွယ်ခိုင်းတာဟာ စာပေညီလာခံ ကျင်းပနေစဉ်အတွင် ညီလာခံနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ကို ပြန်လည်ပေးပို့နိုင်အောင် ဖြစ်ကြောင်းလည်း ရှင်းပြပါတယ်။

ဒီနေ့ ပြုလုပ်တဲ့ စာပေညီလာခံ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ စာပေ ပညာရှင်တွေ၊ စာရေး ဆရာမတွေ၊ ကာတွန်း ပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။