LNDP လီဆူပါတီက ကိုယ်စားလှယ်လောင်း ၇၀ ဝင်ပြိုင်မည်
2015.07.20

လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP ဟာ လာမယ့်ရွေးကောက်ပွဲမှာ ကချင်၊ ရှမ်း၊ ကယားနဲ့ မန္တလေးတိုင်း တို့မှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၇၀ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ပါတီခေါင်းဆောင်တွေက ပြော ပါတယ်။
မဲဆန္ဒနယ်မြေ ၃၅ နေရာမှာ ကိုယ်စားလှယ်လောင်း ၇၀ က ရွေးချယ်ခံမှာဖြစ်တယ်လို့ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးဆီဖာလာလူးက ပြောပါတယ်။
"နေရာ ၃ဝ ကျော်မှာ ဝင်ရောက်ယှဉ်ပြိုင်သွားပါမယ်၊ အထူးသဖြင့် ကချင်ပြည်နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ပါမယ်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကို ဝင်ပါမယ်၊ ကျနော်တို့က လူမျိုးကိုအခြေခံတဲ့ အမျိုးသားရေး ပါတီဖြစ်တဲ့အတွက် အဓိကကျနော်တို့လူမျိုး အများစုနေထိုင်တဲ့ မဲအောင်နိုင်မယ့်မြို့တွေမှာ ယှဉ်ပြိုင်ဖို့ အစီအစဉ်ရှိပါတယ်"
ကချင်ပြည်ပြည်နယ် မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်က လီဆူနှစ်ခြင်း အသင်းတော်ဘုရားရှိခိုးကျောင်းမှာ ဒီကနေ့ကျင်းပတဲ့ပါတီရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး အစည်းအဝေးကျင်းပပြီး ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
ကချင်ပြည်နယ် မြို့နယ် ၁၈ မြို့နယ်ရှိပြီး မဲဆန္ဒနယ်မြေအားလုံးမှာ ယှဉ်ပြိုင်မယ်ဆိုရင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော် နဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ၄ နေရာတို့အတွက် ကိုယ်စားလှယ်လောင်း ၇၀ လောက် လိုအပ်ပါတယ်။
ကချင်ပြည်နယ်မှာ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ကချင်၊ ရှမ်း၊ လီဆူ၊ လော်ဝေါ် စတဲ့ တိုင်းရင်းသားပါတီတွေ စုစုပေါင်း ပါတီ ၁၇ ပါတီလောက်ရှိပါတယ်။