ကုမ္ပဏီက မစိုက်ဘဲ ထားတဲ့မြေရိုင်း လယ်သမားများ ဝင်ပြီး စိုက်ပျိုး
2015.04.12
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်မှာ ယုဇနကုမ္ပဏီက မစိုက်ပျိုးဘဲ ထားခဲ့တဲ့ မြေလွတ်မြေရိုင်း ဧကနှစ်သောင်းကျော်မှာ ဒေသခံတွေနဲ့ ရွေ့ပြောင်း လုပ်သားတွေက ဝင်ရောက်လုပ်ကိုင်နေကြပါတယ်။
အဲဒီမြေအလွတ်တွေမှာ ဥယာဉ်ခြံအဖြစ် စိုက်ပျိုးနေတာလို့ မြေယာတွေလုပ်ပိုင်ခွင့်ရအောင် ဆောင်ရွက်ပေးနေ တဲ့ ကော့သောင်းဒေသခံတွေ ဖွဲ့စည်းထားတဲ့ ဆင်းရဲသား လျော့ချရေးနဲ့ မြှင်တင့်မှုကွန်ရက် အတွင်းရေးမှူး ကိုနေနိုင်ဦး က ပြောပါတယ်။
"ကော့သောင်းမြို့နယ်ကနေပြီးတော့မှ ဒေသတစ်ခုလုံးပြုံပြီးတော့ မြေလွတ် မြေရိုင်းတွေမှာ သူတို့ဝင်ပြီး စိုက်မယ်ဆိုပြီးတော့ ပြောလာတဲ့သူတွေကို ကျနော်တို့ စိုက်ပြီးလုပ်ထားတဲ့ဧရိယာကတော့ နှစ်သန်းကျော် အထက်မှာရှိတယ်၊ ကျနော်တို့ ကော့သောင်းမြို့ကတော့ ပြည်ပမှာအလုပ်သွားလုပ်နေတဲ့သူက အများကြီး ရှိတယ်လေ၊ ကျနော်တို့စပြောတည်းက ဥပဒေလမ်းကြောင်းအရ ဒီလိုမျိုးတစ်နိုင်တစ်ပိုင် ဥယျာဉ်ခြံ မြေတွေထူထောင်ပြီးတော့ ကိုယ့်ပြည်တွင်းမှာကိုယ်နေမယ်ဆိုပြီးတော့ ကျနော်တို့က ကြေညာ ပြီးတော့ သူတို့ကဖိတ်ခေါ်တဲ့အတွက်ကြောင့် ရွှေ့ပြောင်းလုပ်သားတွေအများစုက လာပြီးလုပ်ကိုင်စိုက်ပျိုး ကြတဲ့ အနေအထားကများတယ်ဗျ"
ကော့သောင်းမြို့နယ်နဲ့ ယုဇနကုမ္ပဏီက လုပ်ပိုင်ခွင့်ရခဲ့တဲ့ ထိုင်းနယ်စပ်နားက မြေအလွတ်တွေမှာ ၂၀၁၃ ခုနှစ် ကတည်းက ဒေသခံတွေက ဝင်ရောက် စိုက်ပျိုးနေတာဖြစ်ပြီး လက်ရှိမှာ ဧက နှစ်သောင်းကျော်အထိ ရှိနေတာဖြစ် ပါတယ်။
အဲဒီလို ဝင်ရောက်လုပ်ကိုင်နေတဲ့ မြေလွတ်နေရာတွေကို အစိုးရက တရားဝင် လုပ်ပိုင်ခွင့် ပေးဖို့ အတွက် နေပြည်တော် မြေယာဥပဒေစီမံခန့်ခွဲမှုကော်မတီ၊ ဆည်မြောင်းဝန်ကြီးဌာနစတဲ့ ဌာနဆိုင်ရာတွေကို စာတင် ထားတယ်လို့ ဆိုပါတယ်။