တန့်ဆည်က စစ်ဆေးရေးဂိတ် မိုင်းဆွဲခံရ စစ်သား ခြောက်ဦးထက်မနည်း သေဆုံး

2021.11.16
တန့်ဆည်က စစ်ဆေးရေးဂိတ် မိုင်းဆွဲခံရ စစ်သား ခြောက်ဦးထက်မနည်း သေဆုံး စစ်ဆေးရေးဂိတ်တစ်ခုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဥ်
AFP Photo

စစ်ကိုင်းတိုင်း တန့်ဆည်-ရေဦး ကားလမ်းပေါ် ကျွဲဆွဲရွာအနီးက စစ်ဆေးရေးဂိတ်ကို ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDF က မိုင်းဆွဲတိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သား ခြောက်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာလ ၁၅ ရက် မနေ့က ညနေ သုံးနာရီလောက် အဲဒီစစ်ဆေးရေးဂိတ်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဖြစ်တာက မနေ့က ညနေလောက်မှာဖြစ်တာ။ မိုင်းကွဲပြီးတော့ စစ်သားတွေ လေပေါ်မြောက် တက်သွားတာ။ တန့်ဆည်က လူမှုကူညီရေးကားတွေနဲ့ သူတို့ကို လာသယ်သွားတာတွေ့ရတယ်”

အခု သေဆုံးထိခိုက်မှုတွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးသလို စစ်ကောင်စီ ပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

ဒီရက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေက တန့်ဆည်မြို့ပေါ်နဲ့ အနီးတဝိုက် ကားလမ်းတွေမှာ လမ်းသွား လမ်းလာ ကား၊ ဆိုင်ကယ်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး ငွေကြေးတောင်းခံနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တန့်ဆည်မြို့နယ်နဲ့ကပ်လျက် ရေဦးမြို့နယ်ထဲက စစ်ကောင်စီတပ်သား အင်အားအများအပြားနဲ့ ဆင်းလာကြပြီး အခုရက်ပိုင်း ရွာတွေကို ဝင်ရောက်စီးနင်းနေတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။

အဲဒီတပ်တွေက နိုဝင်ဘာ ၁၄ ရက်နေ့က ရေမျက်ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ရာမှာ နေအိမ် ခြောက်လုံးကို ဖျက်ဆီးခဲ့ပြီး အဲဒီနေအိမ်တွေက အသုံးဆောင်ပစ္စည်းတချို့ကိုလည်း ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၁၅ ရက်နေ့မှာတော့ ဆပ်ပြာအိုင်ရွာနဲ့ ရွှေကျင်မော်ရွာအကြားက စိုက်ခင်းတွေဘက်ကနေ ချီတက် လာပြီး လမ်းမှာတွေ့တဲ့တချို့က ဒေသခံတွေဆီကနေ လက်ဝတ်လက်စားတချို့နဲ့ ပိုက်ဆံတွေယူသွားပြီး အဲဒီနေ့ညနေမှာ ရေရှင်ရွာမှာ တပ်စွဲခဲ့ပါတယ်။

နိုဝင်ဘာ ၁၆ ရက်မှာ တန့်ဆည်မြို့နယ် ရှေရှင်ရွာက နေအိမ်ခုထဲကနေ ပိုက်ဆံ ၁၅ သိန်းနဲ့ လက်စွပ်တစ်ကွင်း၊ နောက်တစ်အိမ်က ဖုန်းတစ်လုံးနဲ့ ဆွဲကြိုးနှစ်ကုန်း၊ ဈေးဆိုင်တစ်ဆိုင်က ဖုန်းဘေကတ်တွေနဲ့ ငွေသား တစ်သိန်း ယူသွားတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။