လွိုင်ကော်မှာ နှစ်ဖက်တိုက်ပွဲဖြစ်နေ

ကယားပြည်နယ် (ကရင်နီပြည်) လွိုင်ကော်မြို့ ရပ်ကွက်တွေနဲ့ အနီးအနားရွာတွေမှာ ဒီနေ့မနက်ပိုင်းကစပြီး လက်နက်ကြီးပစ်သံတွေ အပါအဝင် အပြန်အလှန် ပစ်ခတ်သံတွေ ကြားနေပြီး နေအိမ်တစ်လုံးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"အိမ်ထဲကတောင် မထွက်ရဲဘူး။ ပတ်ပတ်လည် ပစ်နေတာ။ တင့်ကားနဲ့ကို ချနေတာ။ လက်နက်ကြီးက နမ်းကွတ် ရပ်ကွက်ထဲမှာလည်း တစ်လုံးကျတယ်။ ချိကယ်ဘက်မှာ လည်း ကျတယ်။ အဲမှာ နေအိမ်တစ်လုံး မီးလောင်သွားတယ်"
မနက် ၈ နာရီလောက်ကတည်းက တိုက်ပွဲအသံတွေ ကြားနေခဲ့ရပြီး လွိုင်ကော်မြို့အနီးက ချိကယ်ရွာမှာ လက်နက်ကြီးလေးလုံး ကျရောက်ပေါက်ကွဲခဲ့လို့ ဒေသခံတစ်ဦး ထိခိုက် ဒဏ်ရာရပြီး နေအိမ်တစ်လုံး မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
လွိုင်ကော်မြို့ပေါ် ရပ်ကွက်တွေထဲမှာလည်း စစ်ကောင်စီတပ်သားတွေ နေရာယူထား တာကြောင့် ဒေသခံ ပြည်သူတွေ နေအိမ်ထဲကနေ အပြင်မထွက်ရဲကြဘူးလို့ ပြောကြ ပါတယ်။
လွိုင်ကော်မြို့တွင်း တစ်နေရာမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် မိဘပြည်သူတွေအနေနဲ့ အသက်အိုးအိမ် စည်းစိမ် မဆုံးရှုံးဖို့ ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးကြဖို့လည်း ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) B-12 က ဒီကနေ့ မနက်ပိုင်းမှာပဲ ထုတ်ပြန်ထား ပါတယ်။
အခု ဧပြီလ လဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တွေ ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်ဘက်မှာ ပြောက်ကျားတိုက်ပွဲတွေ ဖြစ်ခဲ့တယ် လို့ KNDF က သတင်း ထုတ်ပြန်ထားပါတယ်။
ဒီကနေ့ မနက်အစောပိုင်း နံနက် ၁ ရာရီမှာလည်း ဒီးမော့ဆိုမြို့ အရှေ့ခြမ်း ထီးဖိုးကလိုး အုပ်စုထဲကို စစ်ကောင်စီဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ တာကြောင့် တိရစ္ဆာန်အချို့ ထိခိုက်မှုရှိခဲ့ပါတယ်