ကယားအစိုးရကို အရေးယူပေးဖို့ ကယန်းအမျိုးသားပါတီ တောင်းဆို


2018.08.11
loikaw-bogyoke-statue-protesters-622.jpg နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ခ နဲ့ ဒီမော့ဆိုမြို့နယ် ရဲစခန်းက တရားစွဲထားတဲ့ လူငယ် ၄ ယောက်ကို တွေ့ရစဉ်
Photo: Khun A-Than - Facebook

ကယားပြည်နယ်အတွင်းက နိုင်ငံရေးတက်ကြွလှုပ်ရှားနေတဲ့ လူငယ်တွေနဲ့ ကယန်းအမျိုးသားပါတီ ဗဟိုကော် မတီဝင်ကို ပြည်နယ်အစိုးရက သက်သေအထောက်အထားမရှိဘဲ မတရားဖမ်းဆီးနေတာတွေကို ရှုတ်ချကြောင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဥပဒေမဲ့လုပ်ဆောင်နေတာတွေကို အရေးယူပေးဖို့ ကယန်းအမျိုးသားပါတီက ပြည်ထောင်စု အစိုးရထံ တောင်းဆိုလိုက်ပါတယ်။

တရားစွဲဆိုခံထားရသူ ၂၃ ဦးထဲမှာ မဟုတ်မမှန်တရားစွဲခံထားရသူ ၃ ယောက် ခန့်ရှိတယ်လို့ ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူး က ပြောပါတယ်။

"တရားစွဲခံထားရသူ ၂၃ ဦးရှိတယ်၊ ၂၃ ဦးထဲမှာ တစ်ချို့ပုဒ်မတွေကလေ မဆိုင်တဲ့လူတွေကို တရားစွဲထား တာတွေ အများကြီးပါတယ်ပေါ့၊ ဥပမာဆိုရင် တရားစွဲခံရတဲ့ ဒီးဒီဆိုတဲ့တစ်ယောက်ရဲ့ ညီမရယ်၊ သူ့ရဲ့အမျိုးသမီး ရယ်ကိုလည်း အစိုးရဘက်က တရားစွဲထားတာတွေ ပါတာပေါ့၊ သူတို့ကတော့ လုံးဝဒီကိစ္စထဲမှာ မပါဘဲနဲ့ တရားစွဲခံထားရသူတွေဖြစ်တယ်၊ ကျနော်တို့ ကယန်းအမျိုးသားပါတီရဲ့ ဗဟိုကော်မတီဝင်ဖြစ်တဲ့ ကောရီယို ကလည်း အဲဒီဆန္ဒပြပွဲမှာ ဓာတ်ပုံမှတ်တမ်းလိုက်ရိုက်ဖို့သွားရင်းနဲ့ တရားစွဲခံရတာပေါ့နော်၊ ငြိမ်းစုစီပုဒ်မ ၁၉ ၂ဝ နဲ့လည်း တရားစွဲသလို ဖားဆောင်းမှာ စာရွက်ဝေတဲ့ထဲလည်း ပါတယ်ဆိုပြီးတော့ တရားစွဲတယ်ပေါ့၊ ပုဒ်မ ၅ဝ၅ ကလည်း အာမခံမရတဲ့အတွက် ထောင်ထဲမှာရောက်သွားတယ်ပေါ့နော်၊ မဟုတ်မမှန်တရားစွဲခံရတဲ့သူက အနည်းဆုံး ၃ ဦးအထက်မှာရှိတယ်"

လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ် ထားရှိမယ့်ကိစ္စနဲ့ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြတာ၊ ကရင်နီသမိုင်းကြောင်း စာတွေဖြန့်ဝေတာတွေကြောင့်ဆိုပြီး လွိုင်ကော်၊ ဒီမောဆိုး၊ ဖရူဆိုနဲ့ ဖားဆောင်းမြို့နယ် ၄ ခုက လူငယ် ၂၃ ယောက်ဟာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅ဝ၅၊ ငြိမ်းစုစီဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။

အဲဒီလူငယ် ၂၃ ယောက်ထဲမှာ ထောင်အချုပ်နဲ့ တရားရင်ဆိုင်နေရသူ ၆ ယောက်ရှိနေပြီလို့ သိရပါတယ်။

လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ် ထားရှိမယ့်ကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရက ဖွဲ့စည်းထားတဲ့ ရုပ်တုဖြစ်မြောက်ရေးကော်မတီကို ဖျက်သိမ်းထားပြီး အရပ်ဖက်အဖွဲ့တွေ၊ ဒေသခံတွေပါဝင်တဲ့ ကော်မတီကို ဖွဲ့စည်းကာ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဖြစ်တယ်လို့ ကယားပြည်နယ် ဝန်ကြီးချုပ်က ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။