လွိုင်ကော်အကျဉ်းထောင်က နိုင်/ကျဉ်းတစ်ဦး ဆေးကုသခွင့်မရလို့ သေဆုံး

ကယားပြည်နယ် လွိုင်ကော်အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ အသက် ၂၁ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုမောင်ငယ်ဟာ လုံလောက်တဲ့ ဆေးကုသခွင့်မရတာကြောင့် ထောင်တွင်းမှာ အောက်တိုဘာလ ၁၃ ရက် မနေ့က သေဆုံးသွားတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ဒီနေ့မနက်မှာ သတင်းထုတ်ပြန်ပါတယ်။
သူဟာ လွိုင်ကော်စစ်ဆေးရေးဂိတ်မှာ ၂၀၂၁ ခုနှစ်က ဖမ်းဆီးခံခဲ့ရပြီးနောက် PDF နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ နဲ့ ထောင်ဒဏ်ငါးနှစ် ချမှတ်ခံထားရတာလို့ ဆိုပါတယ်။
သေဆုံးသူရဲ့အလောင်းကိုတော့ မိသားစုဝင်တွေ ပြန်မရခဲ့ဘူးလို့ PKPF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီကိစ္စအတွက် အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်အတွင်းက ရဲအချုပ်၊ စစ်ကြောရေးနဲ့ အကျဉ်းထောင်တွေမှာ နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရပြီး သေဆုံးသူ ခုနစ်ဦးအထိ ရှိလာပြီလို့ PKPF က ပြောပါတယ်။
PKPF ရဲ့ အောက်တိုဘာလ ၁ရက်နေ့ နောက်ဆုံး ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီး နောက်ပိုင်း ကယားပြည်နယ်အတွင်းမှာ ဖမ်းဆီးခံရသူ ၂၇၃ ဦးရှိပြီး အဲဒီထဲမှာ သေဒဏ် ချမှတ်ခံထားရသူ သုံးဦးနဲ့ ထောင်ဒဏ်တစ်သက် ချမှတ်ခံထားရသူ လေးဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။