ကျောက်မိုင်းကုမ္ပဏီ ပိတ်သိမ်းပေးဖို့ ပေါင်မြို့နယ်မှာ ဆန္ဒပြ


2016.10.11
long-life-protest-620.jpg ကျောက်မိုင်းကုမ္ပဏီ ပိတ်သိမ်းပေးဖို့ ပေါင်မြို့နယ်မှာ ဒေသခံတွေ အောက်တိုဘာလ ၁၁ ရက်နေ့က ဆန္ဒပြတောင်းဆိုစဉ်
ဓါတ်ပုံ - ကိုဇော်ထွေး

မွန်ပြည်နယ် ပေါင်မြို့နယ် ဥတ္တံတားကျေးရွာအနီးမှာရှိတဲ့ Long Life Aggregate Mining ကုမ္ပဏီဟာ ကျောက် ထုတ်လုပ်ခွင့် သက်တမ်းကုန်ဆုံးနေပေမယ့် ကျောက်တွေ ဆက်လက်ထုတ်နေတာကြောင့် ကျောက်မိုင်း ရပ်တန့်ပေးဖို့နဲ့ ခွင့်ပြုချက်မရှိဘဲ ကျောက်ထုတ်လုပ်နေတာကို အရေးယူပေးဖို့ ဒေသခံ ၆၀၀ ကျော် ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ကျောက်မိုင်းဟာ သက်တမ်းကုန်ပေမယ့် ဆက်လုပ်ကိုင်နေတာကြောင့် ကျောက်မိုင်းကို ပိတ်သိမ်းတဲ့အထိ အရေးယူပေးဖို့ ရွာသားတွေက ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်တာလို့ ဥတ္တံတားကျေးရွာသား ကိုဇော်ထွေး က ပြောပါတယ်။

"ကျောက်မိုင်းကုမ္ပဏီဟာ သက်တမ်းကုန်ဆုံးပါလျက် ဆက်လက်လုပ်ဆောင်နေတဲ့အတွက် ဌာနဆိုင်ရာ က အရေးမယူလို့ ကျနော်တို့ ဒုတိယအကြိမ် ဆန္ဒထပ်ပြရခြင်းဖြစ်ပါတယ်၊ ကျောက်မိုင်းရပ်တန့် ဖို့ ကျောက်မိုင်းကို ဖိအားပေးသလို ကျောက်မိုင်းကို အရေးယူဖို့ ဌာနဆိုင်ရာကို ဖိအားပေးတာပါ" လို့ ကိုဇော်ထွေး က ပြောတာဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ ကျေးရွာတပတ်လမ်းလျောက်ပြီး Long Life Aggregate Mining ကုမ္ပဏီရှေ့မှာ ဆန္ဒပြပွဲကို အဆုံးသတ်ခဲ့ပါတယ်။

အဲဒီကုမ္ပဏီဟာ ပြီးခဲ့တဲ့ ဇွန်လကတည်းက သက်တမ်းကုန်ဆုံးတာဖြစ်ပေမယ့် ဒီနေ့အထိ ကျောက်မိုင်းတူးဖော်နေ ဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီကျောက်မိုင်းကြောင့် ရေချောင်းတွေပျက်စီးတာ၊ ဥယျာဉ်ခြံတွေပျက်စီးတာ၊ လယ်တွေပျက်စီးတာကြောင့် ဒေသ ခံတွေဟာ ကျောက်မိုင်းကုမ္ပဏီကို ပိတ်သိမ်းပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ဖူးပါတယ်။

Long Life Aggregate Mining ကုမ္ပဏီဟာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကတည်းက ဥတ္တံတားကျေးရွာအနီးက ကုလားမတောင်မှာ ကျောက်မိုင်းထုတ်လုပ်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။