ဖွဲ့စည်းပုံအခြေခံဥပဒေ အဓိကပြင် ဆင်ချက်ပုဒ်မအားလုံး ရှုံးနိမ့်


2015.07.08
pyitaungsu-hluttaw-620.jpg ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ပုဒ်မ ၃ဝ လောက်ကို ဇူလိုင်လ ၈ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်စဉ်
Photo: Myo Thant Khaing/RFA

တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို သမ္မတက တိုက်ရိုက်ခန့်အပ်ခွင့်အစား သက်ဆိုင်ရာလွှတ်တော်တွေ က ရွေးချယ်တင်မြှောက်ခွင့်တို့ကို ပြင်ဆင်ထားတဲ့ ပုဒ်မ အပါအဝင် ပုဒ်မပေါင်း ၃၀ လောက်ကို ပြည်ထောင်စု လွှတ်တော်မှာ ဒီနေ့ မဲခွဲဆုံးဖြတ်ရာမှာ ကန့်ကွက်သူကိုယ်စားလှယ်များတာကြောင့် အဓိကပြင်ဆင်ထားတဲ့ ပုဒ်မအားလုံး ရှုံးနိမ့်သွားပါတယ်။

ပြည်နယ်တွေနဲ့ တိုင်းဒေသကြီးတွေကို အခွန်ကောက်ခံခွင့်ပေးထားတဲ့ ပြင်ဆင်ချက်ကိုတော့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင် က ထောက်ခံ ဆွေးနွေးခဲ့ပါတယ်။

"တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များကောက်ခံရမယ့် အခွန်ဌာနစာရင်းနဲ့ ပတ်သက်ပြီးတော့ ပြင် ဆင်ဖြည့်စွက်ပေးမယ့် အထက်ပါအချက်ပေါင်း ၃၄ ချက် အနက် အခွန်ကောက်ခံရန်မလိုတဲ့ မူဝါဒဆိုင်ရာ ကိစ္စရပ်တွေ၊ လူမှုရေးဆိုင်ရာကိစ္စရပ်တွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်တွေမပါဘဲ ကျန်တဲ့အခွန်ကောက်ခံ ရမယ့် ၂၀ ချက်ကို ပြည်ထောင်စုကပြဌာန်းတဲ့ ဥပဒေနဲ့အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တွင်း ဆောင်ရွက် ခွင့်ရှိသည့် အခွန်ကောက်ဆိုင်ရာလုပ်ငန်းများဖြင့် မူလ ပြဌာန်း ထားခြင်းဖြစ်တဲ့ အချက် ၁၉ ချက်ရဲ့နောက်မှာ အသစ်ထပ်မံဖြည့်စွက်ရန် အဆိုပြုပြဌာန်းခြင်းဖြစ်ပါတယ်"

တပ်မတော်သားကိုယ်စားလှယ်တွေ ထောက်ခံတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ အခွန်ကောက်ခံခွင့်တွေက လွဲပြီး ဝန်ကြီးချုပ်ခန့်အပ်ခွင့်၊ ကိုယ်စားလှယ် ရုပ်သိမ်းခွင့်၊ နိုင်ငံတော်သမ္မတအပါအဝင် အစိုးရအဖွဲ့ဝင်တွေ တာဝန်ပူးတွဲ ထမ်းဆောင်ခွင့်စတာတွေ ရှုံးနိမ့်သွားတာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် ၆၃၃ ယောက် ရှိရာ ကိုယ်စားလှယ် ၄၀၀ နီးပါးကသာ ပြင်ဆင်ချက်တွေကို ထောက်ခံကြတာ ဖြစ်ပါတယ်။ ၄၇၅ မဲရမှသာ ပြင်ဆင်လိုတဲ့ ပုဒ်မတွေကို ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ ပြင်ဆင်ချက်အားလုံးနီးပါး ရှုံးနိမ့်သွားတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အရင်ပြဌာန်းချက်တွေအတိုင်းသာ အသက်ဝင်မှာဖြစ်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

တဆက်တည်း ဒီကနေ့ မဲခွဲဆုံးဖြတ်မှု ရလဒ်အပေါ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။