ကိုယ်စားလှယ် ၅ ဦး ရွေးချယ်ပွဲ ပါတီတွေ ကန့်ကွက်
2016.08.23

၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်ဖို့အတွက် ရွေးကောက်ပွဲ အနိုင်မရတဲ့ နိုင်ငံရေးပါတီ ၇၀ ကိုယ်စားပြုပြီး ၅ ဦး တက်ရောက်ဖို့အတွက် ဒီကနေ့ ရွေးချယ်ပွဲကျင်းပရာမှာ နိုင်ငံရေးပါတီတွေက ကန့်ကွက်လိုက်ပါတယ်။
ရန်ကုန်မြို့ ရွှေလီလမ်းက NRPC ရုံးမှာ နိုင်ငံရေးပါတီ ၇၀ ကိုယ်စား တက်ရောက်မယ့် ကိုယ်စားလှယ် ၅ ဦး ရွေးချယ်ပွဲမှာ ပါတီတွေက ကန့်ကွက်လိုက်တာဖြစ်တယ်လို့ ဖက်ဒရယ်ပြည်ထောင်စုပါတီ FUP ဥက္ကဌ ဦးစောသန်းမြင့် က ပြောပါတယ်။
"ကျွန်တော်တို့က နိုင်ငံရေးပါတီဖြစ်တယ်။ နိုင်ငံရေးပါတီကို တစ်ခြားအစုအဝေးဖြစ်တဲ့ ပါဝင်သင့် ပါဝင်ထိုက်သူ အစုအဖွဲ့မှာ ထည့်တယ်ဆိုတာ နိုင်ငံရေးပါတီကို လုံးဝ နှိမ်ချလိုက်တာဖြစ်တယ်။ ကျွန်တော်တို့က ညီလာခံကို ကန့်ကွက်တာမဟုတ်ဘူး။ နိုင်ငံရေးပါတီတွေကို နိုင်ငံရေးအစုအဖွဲ့မှာ မဟုတ်ဘဲ ပါဝင်သင့်ပါဝင်ထိုက်သူ အစုအဖွဲ့မှာ ၅ ယောက်ပဲ ပါဝင်ရမယ်ဆိုတဲ့ အဲ့ဒီမူကိုကန့်ကွက်တာပါ"
ဒီနေ့ NRPC ရုံးမှာကျင်းပတဲ့ ကိုယ်စားလှယ် ၅ ဦးရွေးချယ်ပွဲကို ပါတီ ၃၀ ကျော်က ကိုယ်စားပြုသူတွေ တက်ရောက်ခဲ့ကြပြီး အားလုံးက ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။
၂၁ ရာစု ပင်လုံညီလာခံကို လာမယ့် သြဂုတ်လ ၃၁ ရက်နေ့မှာကျင်းပမှာဖြစ်ပြီး ၅ ရက်ကြာကျင်းပသွား မှာ ဖြစ်ပါတယ်။