တန်ဖိုးနည်းအိမ်ရာ စီမံကိန်း ဒေသအနံှ့ အကောင်အထည်ဖော်မည်


2013.02.20

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့ ပြည်ထောင်စု လွှတ်တော်မှာ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁) ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က အိမ်ရာစီမံကိန်းတွေမှာ နွမ်းပါးသူတွေ ဝယ်နိုင်မယ့်ဈေးနဲ့ ရောင်းချမယ့် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါတယ်။

အဲဒီမေးမြန်းချက်နဲ့ ပတ်သက်ပြီး  ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က ပြည်ထောင်စု လွှတ်တော်မှာ အခုလို တင်ပြ ဆွေးနွေးခဲ့ပါတယ်။

“အခြေခံလူတန်းစားများရဲ့ နေရေးဖြေရှင်းပေးနိုင်ရန် ဝင်ငွေနည်းသူများ အိမ်ရာပိုင်ဆိုင်နိုင်ရေးအတွက် အရစ်ကျ လစဉ်ငွေပေးချေသောစနစ်၊ အိမ်ရာချေးငွေစနစ်နဲ့အတူ ငွေကြေးမျှဝင်ထည့်ဝင်တဲ့စနစ်ကို ကျင့်သုံးဆောင်ရွက်မယ့် အိမ်ရာစီမံကိန်းများကို ဆောင်ရွက်ရန် စီမံချက်များရှိပါကြောင်းနဲ့ အများပြည်သူ ဝယ်နိုင်စွမ်းရှိသည့် အိမ်ရာများကိုသာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ အကောင်အထည်ဖော်ဆောင်ရွက်မယ့် နည်းလမ်းများကို စီမံဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြအပ်ပါတယ်”

အဲဒ့ီစီမံကိန်း ဥပဒေကြမ်းတစ်ခုလုံးကို ပြည်ထောင်စု လွှတ်တော်အစည်းအဝေး ပြန်လည်ကျင်းပတဲ့ (၁၃) ရက် မြောက်နေ့မှာ ဆွေးနွေးဆုံးဖြတ် အတည်ပြုမယ်လို့ ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ကြေညာခဲ့ပါတယ်။

လာမယ့် ၂၀၁၃/၂၀၁၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းနဲ့ ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ် (၄၁) ဦးက သုံးရက်ကြာ ဆွေးနွေးခဲ့ကြပြီး၊ ဝန်ကြီးဌာန (၁၆) ခုက သက်ဆိုင်ရာဝန်ကြီးတွေနဲ့ ဒုတိယဝန်ကြီးတွေက အသီးသီး ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။