လက်ပံတောင်း ဒဏ်ရာရ ဆရာတော် ဦးတိက္ခဉာဏ ထိုင်းဆေးရုံကဆင်း
2013.03.21
လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွဲမှုမှာ ဒဏ်ရာရခဲ့လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မောင်းဂွတ်ဘုရင့်စစ်ဆေးရုံကြီးမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်ကစပြီး ရက်ပေါင်း ၁၀၀ နီးပါး ဆေးဝါးကုသမှုခံယူနေတဲ့ ဆရာတော် ဦးတိက္ခဉာဏကို ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။
အသားအစားထိုး ကုသစရာတွေမလိုတော့ပဲ၊ လေ့ကျင့်ခန်းလုပ်ရန်သာ လိုတဲ့အတွက် ဆေးရုံကဆင်းခိုင်းတာဖြစ်ပြီး လာမယ့်မတ်လ ၂၆ ရက်နေ့မှာ ဆေးရုံကဆင်းကာ မန္တလေးမြို့ရှိ သီတဂူဆေးရုံသို့သွားနိုင်ရန် စီစဉ်နေကြောင်း ဆရာတော်ကို အနီးကပ်ပြုစုနေတဲ့ ဆရာတော်ရဲ့ အကြီးဆုံးသား ကိုနေသီဟက RFA ကို ပြောပါတယ်
“ဒီအပေါ်ပိုင်းကုသမှုတွေက operation တွေတော့ ပြီးသလောက်ဖြစ်သွားတော့ ဆေးရုံကလည်း ဒါဆင်းလို့ရပြီလို့ ပြောတယ်ခင်ဗျ၊ ဒါကြောင့်မို့လို့ ဆင်းဖို့ မှန်းထားတော့ ၂၆ ရက်နေ့လောက် ဆင်းဖို့မှန်းထားတယ်ခင်ဗျ၊ ကျနော်တို့အဲဒီ ဗမာပြည်ပြန်ရောက်တာနဲ့ သီတဂူဆေးရုံတန်းပို့ပြီးတော့ သီတဂူဆေးရုံမှာ လိုအပ်တဲ့ကုသမှုတွေ ထပ်လုပ်မယ်ဗျ၊ သူဒီမှာ လေ့ကျင့်ခန်းတွေလုပ်နိုင်တဲ့ အခြေအနေပေါ်ကို မူတည်ပြီးတော့မှ တိုးတက်မှုပြောလို့ရမှာ”
ဆရာတော်က အချိန်အကြာကြီး မထိုင်နိုင်သေးတဲ့အတွက် အဆင်ပြေအောင် လေယာဉ်ပျံနဲ့ ညှိနှိုင်းလုပ်ဆောင်သွားမှာဖြစ်ကြောင်း ဘန်ကောက်မြို့ မြန်မာသံရုံးက၊ သံမှူးကြီး ဦးမျိုးတင့်က ပြောပါတယ်။
"ဆေးရုံကဆင်းခိုင်းနေပြီ၊ ဒီဆရာတော်ကြီးကလည်း ကုသတာပြီးပြီတဲ့ ဆက်ပြီးတော့ အသားအစားထိုး ကုသတာတို့ ခွဲစိတ်တာတို့မလိုတော့ဘူး၊ လက်ရှိဟာကိုပဲ dressing လုပ်ဖို့လောက်ပဲ ပြန်နလန်ထူဖို့လောက် ဒီလောက်ပဲလိုတော့တာပေါ့နော်၊ အဲဒါကြောင့်မို့လို့ ဆင်းပါဆိုပြီးတော့ သူကအဲဒီလိုပြောတာ တခုရှိတာက ကျနော်တို့က လေယာဉ်ပဲ၊ လေယာဉ်ပေါ်မှာ ဆရာတော်ကို ကောင်းကောင်းမထိုင်နိုင်သေးဘူး၊ သူကထိုင်လည်း တနာရီလောက်ပဲ ထိုင်နိုင်မှာပေါ့၊ သိပ်ပြီးကြာကြာ မထိုင်နိုင်သေးဘူး၊ အဲဒါကြောင့် လေယာဉ်နဲ့ညှိပြီးမှ သွားရမှာပေါ့လေ"
ဆရာတော်ရဲ့ ဘယ်ဘက်ဖနောင့်၊ ညာတင်ပါးနဲ့ ကျောတွေမှာ အနာအနည်းငယ်သာကျန်ပြီး ကြာရှည်မထိုင်နိုင်တာနဲ့ မကွေးနိုင်တာပဲ ရှိတော့တယ်လို့ ကိုနေသီဟက ပြောပါတယ်။