ကြေးနီစီမံကိန်းကိစ္စ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ လက်ပံတောင်းဒေသခံတွေ စာပေးပို့
2017.12.13

လက်ပံတောင်းတောင် အစီရင်ခံစာကို ဦးပိုင်ကုမ္ပဏီနဲ့ ဝမ်ပေါင်ကုမ္ပဏီတို့ လိုက်နာမှုမရှိကြောင်း တိုင်ကြားစာကို စစ်ကိုင်းတိုင်းဒေသကြီး ဆာလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာမှာ ပါဝင်တဲ့ ဒေသခံအချို့နဲ့ လက်ပံတောင်းတောင် ကာကွယ်စောင့်ရှောက်ရေးကော်မတီ က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ဒီနေ့ ပေးပို့ လိုက်ပါတယ်။
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ၂၀၁၃ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ လက်ပံတောင်းတောင် အစီရင်ခံစာကို ဦးပိုင်ကုမ္ပဏီနဲ့ ဝမ်ပေါင်ကုမ္ပဏီတို့က လိုက်နာဖို့ပျက်ကွက်တဲ့ အတွက် စုံစမ်းစစ်ဆေးပြီး အရေးယူပေးဖို့ နေပြည်တော်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေကတဆင့် အတိုင်ပင်ခံပုဂ္ဂိုလ်ထံ စာပေးပို့ခဲ့တာဖြစ်ပါတယ်။
ဒေသခံတွေနဲ့ လက်ပံတောင်းကော်မတီက အဖွဲ့ဝင် စုစုပေါင်း ၁၂ ဦးဟာ ဒီကနေ့ မွန်းလွဲပိုင်းမှာ နေပြည်တော် က နိုင်ငံတော်ရဲ့အတိုပင်ခံပုဂ္ဂိုလ်ရဲ့နေအိမ်နဲ့ တရုတ်ယာယီဆက်သွယ်ရေးရုံးတို့ထံ သွားရောက်ခဲ့ပေမယ့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့တားဆီးမှုကြောင့် တွေ့ခွင့်မရခဲ့ပါဘူး။
တရုတ်ယာယီဆက်ဆံရေးရုံးက ဒေသခံတွေနဲ့ လက်ပံတောင်းကော်မတီရဲ့တိုင်ကြားစာကို လက်မခံတဲ့အတွက် ဆန္ဒပြသွားမယ်လို့ လက်ပံတောင်းတောင် ကာကွယ်စောင့်ရှောက်ရေး ကော်မတီက နော်အုန်းလှက ပြော ပါတယ်။
ပြီးခဲ့တဲ့ အစိုးရလက်ထက်က သဘာဝပတ်ဝန်းကျင်ထိခိုက်တာနဲ့ ဒေသခံတွေရဲ့လူမှု ဘဝတွေ နစ်နာ တာတွေကြောင့် စီမံကိန်းရပ်ဆိုင်းပေးဖို့ တစ်နိုင်ငံလုံးမှာ ဆန္ဒပြမှုတွေရှိခဲ့ပါတယ်။