လွယ်ဂျယ်-မိုးမောက်-ဗန်မော်ကားလမ်း ကားကြီးသွားလာမှု ယာယီပိတ်


2018.08.15
moemauk-road-sign-622 မိုးမောက်မြို့က လမ်းညွှန်ဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ်
Photo: Kan Thar/ RFA

ကချင်ပြည်နယ် ဗန်မော်ခရိုင်အတွင်း အခုရက်ပိုင်းမှာ မိုးကြီးတာကြောင့် လမ်းပိုင်းတွေပျက်စီးနေတဲ့အတွက် လွယ်ဂျယ်-မိုးမောက်-ဗန်မော်ကားလမ်းမှာ ၁၀ တန်အထက် ကုန်ကားကြီးတွေ သွားလာမှုကို ဇူလိုင် ၁ ကနေ အောက်တိုဘာ ၁၅ အထိ ပြည်နယ်အစိုးရအဖွဲ့က ယာယီ ပိတ်ထားပါတယ်။

အဲဒီလမ်းပေါ်မှာသွားလာနေကြတဲ့ ၁၀ ဘီးအထက် ကုန်တင်ကားကြီးတွေ အန္တရာယ်မဖြစ်အောင်လို့ ယာယီပိတ်တာဖြစ်ကြောင်း ဗန်မော်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သင်းက ဒီကနေ့ ပြောပါတယ်။

"တောင်တွေက ပြိုတယ်လေ။ မိုးကတအားများတဲ့အခါကျတော့ ကျင်းတွေ၊ ချိုင့်တွေဖြစ်လို့ပေါ့။ ဆယ်ဘီးအထက် ယာဉ်တွေအန္တရာယ်ရှိလို့။ လမ်းတွေကတော့ တအားပျက်နေပြီလေ။ လမ်းလည်းကျဉ်းတယ်လေ။ တောင်တွေက ပြိုလိုက်၊ ဖယ်လိုက်၊ သွားလိုက်၊ အောက်ကကလှိုဏ်ဖြစ်လိုက်၊ လမ်းတွေက မသေသပ်ဘူး။ တောင်ကပြို ဆိုတော့ အဲတာမျိုးဖြစ်တာ။ ပြင်လို့ကိုမနိုင်ဘူး။ မိုးက တနေ့လုံးရွာနေတာ။ ဇူလိုင်လ ၁ ရက်နေ့ကနေ အောက်တိုဘာလ ၁၅ ရက်နေ့အထိ ဆယ်ဘီးယာဉ်တွေ၊ အထက်တွေပိတ်ထားတယ်။ ဒီဆယ်ဘီးအောက်တွေ အကုန်သွားလို့ရတယ်"

မိုင်လေးဆယ်ကျော်ဝေးတဲ့ လွယ်ဂျယ် နဲ့ မိုးမောက်မြို့ကြားက လမ်းပိုင်းတွေပျက်စီးနေတာကြောင့် နယ်မြေခံ တပ်မတော်၊ အုပ်ချုပ်ရေး၊ လွှတ်တော် နဲ့ ဋ္ဌာနဆိုင်ရာအဖွဲ့အစည်းတွေက စစ်ဆေးပြုပြင်နေတယ်လို့ မိုးမောက်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်း က ပြောပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူကို RFA ကဆက်သွယ်ခဲ့ပေမယ့် အစည်းအဝေးတွေ ရှိနေတာကြောင့် အခြေအနေကို မေးမြန်းလို့မရခဲ့ပါဘူး။

အခုလဆန်းပိုင်းကစလို့ ဗန်မော်ခရိုင်အတွင်း မိုးကြီးပြီး တောင်ကျချောင်းရေ တိုက်စားတာကြောင့် အဲဒီလို လမ်းပိုင်းတွေ မြေပြိုပျက်စီးတာအပြင် စပါးပင်တွေ ရေနစ်မြုပ်တာတွေရှိခဲ့သလို ရွာတချို့ ကိုလည်း ရေတွေ ဝင်ရောက်ခဲ့တာပါ။

တရုတ်-မြန်မာနယ်ခြား လွယ်ဂျယ်မြို့ဟာ နယ်စပ်ကုန်သွယ်ရေးစခန်း အခြေစိုက်တဲ့ မြို့ဖြစ်ပြီး လွယ်ဂျယ် နဲ့ ဗန်မော်မြို့ဟာ မိုင်ငါးဆယ်ကျော် ကွာဝေးပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။