မျိုးစောင့်ဥပဒေ အောင်ပွဲ မဘသအဖွဲ့ ဆင်နွှဲ


2015.09.14
mabatha-celebrate-620.jpg မျိုးစောင့်ဥပဒေ အောင်မြင်မှု အထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ပိဋကတ်သုံးပုံနိကာ စာသင်တိုက်ကြီးမှာ ကျင်းပခဲ့စဉ်
Photo: Aung Thain Kha/RFA

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဥပဒေ ၄ မျိုးကို အောင်အောင်မြင်မြင် ပြဌာန်းနိုင်ခဲ့တဲ့ အထိမ်းအမှတ်နဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး (မဘသ) အဖွဲ့က ဒီကနေ့ အောင်မြင်မှု အခမ်းအနားကို ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်း ပိဋကတ်သုံးပုံနိကာ စာသင်တိုက်ကြီးမှာ ကျင်းပခဲ့ပါတယ်။

ဒီနေ့ အခမ်းအနားဟာ မဘသအဖွဲ့က ဦးဆောင်ကျင်းပတာဖြစ်ပြီး အစိုးရနဲ့ ပတ်သက်မှုမရှိကြောင်း မဘသ ဗဟိုဦးဆောင် အဖွဲ့ဝင် ရှေ့နေဦးပိုင်က ပြောပါတယ်။

"မဘသအဖွဲ့အစည်းတွေကတော့ ဆရာတော်ကြီးတွေနဲ့ ဘာသာရေး လူမှုရေး ပရဟိတအသင်းအဖွဲ့တွေ နဲ့ ပေါင်းစည်းပြီးလုပ်တာဖြစ်ပါတယ်၊ နိုင်ငံတော်အစိုးရနဲ့ လုံးဝမသက်ဆိုင်ပါဘူး၊ အဲတော့ ကောလာဟလတွေ ကတော့ ရှိနေဦးမှာပါပဲ၊ ဖြစ်ပေါ်နေတဲ့ ကောလာဟလတိုင်းကို လိုက်ပြီးရှင်ရမယ်ဆိုရင် ရှင်းလို့တောင်နိုင်မှာ မဟုတ်ပါဘူး၊ အဲ့တော့ ကိုယ့်လုပ်ငန်းစဉ်လုပ်ရပ်မှန်အောင် ပန်းတိုင်ကိုရောက်အောင်သွားဖို့ စီစဉ်ထားပါ တယ်၊ တော်သလင်းလဆန်း ၁ ရက်ကစပြီး လပြည့်နေ့အထိ ဆောင်ရွက်မှာဖြစ်ပါတယ်၊ တော်သလင်း လပြည့်နေ့ကိုတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဘသဗဟိုကနေ ဦးဆောင်ပြီးတော့ အခမ်းအနားကြီးတစ်ခုကို ကျင်းပမှာဖြစ်ပါတယ်၊ ကျင်းပမယ့်နေရာကိုလည်း ရွေးချယ်ပြီးတော့ ဆောင်ရွက်နေပါပြီ"

အခမ်းအနားမှာ မဘသဆရာတော်တွေက တက်ရောက်လာတဲ့ ပရိသတ်ကို ဥပဒေတွေနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ်။ ပြဌာန်းလိုက်တဲ့ ဥပဒေတွေကတော့ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လူဦးရေ တိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေ၊ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ တို့ဖြစ်ပါတယ်။

မဘသအဖွဲ့အနေနဲ့ အခုလို အမျိုးစောင့် ဥပဒေအောင်မြင်မှု အခမ်းအနားတွေကို ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုလုံးမှာ ကျင်းပသွားမှာဖြစ်ပြီး၊ ချင်းတောင်တန်းဒေသဘက်ကို မွန်ပြည်နယ်အခြေစိုက် မဘသ ဆရာတော် ဘုရားကြီးတွေက ဦးဆောင်ပြီး ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မမေသဒ္ဒါက တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။