ဆန္ဒဖေါ်ထုတ်ခြင်း မပြုဖို့ မဘသ ညွန်ကြား
2016.07.12

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသ မလိုအပ်ဘူးဆိုတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ရဲ့ ပြောကြားချက်ဟာ နိုင်ငံတော်အစိုးရရဲ့ မူဝါဒသဘာထား မဟုတ်တဲ့အတွက် အလေးဂရုပြု တုန့်ပြန်သွားမှာ မဟုတ်ဘူးလို့ မဘသအဖွဲ့ဗဟို ဦးဆောင်ဆရာတော်တွေက မိန့်ကြားလိုက်ပါတယ်။
ရန်ကုန်မြို့ အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက်မှာ ကျင်းပတဲ့ မဘသ ဗဟိုရဲ့ အရေးပေါ်အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ကြေညာချက်ကို သတင်းစာရှင်းလင်းပွဲမှာ မဘသ ဗဟိုဦးဆောင်ဆရာတော် ဒေါက်တာ အရှင်သောဘာက က မိန့်ကြားခဲ့တာဖြစ်ပါတယ်။
"ဒီစကားသည် သူရဲ့သဘောထားမှတ်ချက်သာဖြစ်ပြီး၊ နိုင်ငံတော်အစိုးရရဲ့ သဘောထားမူဝါဒ မဟုတ်ကြောင်း သိရှိရသည်၊ ထို့ကြောင့် ဦးဖြိုးမင်းသိန်းရဲ့စကားနဲ့ ပတ်သက်ပြီး အလေးဂရုပြုစရာ မလိုတော့ဘဲ ဒီမိုကရေစီသဘောတရားအရ သူရဲ့လွတ်လပ်စွာပြောဆိုခြင်းသာ ဖြစ်သည်ဟုသာ မှတ်ယူရမည်ဖြစ်သည်"
မဘသအဖွဲ့ဝင်တွေကိုလည်း "လောက အေးချမ်း မဘသ မေတ္တာလွှမ်း" ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ ရဟန်းရှင် လူ ပြည်သူလူထု အေးချမ်းဖို့အတွက် ဆန္ဒဖော်ထုတ်တာတွေ၊ ဆန္ဒဖော်ထုတ်ဖို့ စည်းရုံးတိုက်တွန်းတာတွေ မလုပ်ဖို့ အသိပေးညွှန်ကြားထားတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
မဘသ အဖွဲ့အစည်းကြီးဟာ သံဃာတော်တွေနဲ့ သီးသန့်ဖွဲ့စည်းထားတဲ့ "သံဃအဖွဲ့အစည်း " မဟုတ်ဘဲ ရဟန်းပုဂ္ဂိုလ်နဲ့ လူပုဂ္ဂိုလ်တွေ ဖွဲ့စည်းထားတဲ့ သာသနာပြုအဖွဲ့ဖြစ်ကြောင်းလည်း ပါရှိပါတယ်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ ဒီလဆန်းက စင်္ကာပူခရီးစဉ်အတွင်း မဘသ မလိုအပ်ဘူးလို့ ပြောကြား ခဲ့တာကြောင့် မဘသ ဗဟိုဦးဆောင်ဆရာတော်တွေက ဦးဖြိုးမင်းသိန်းရဲ့ ပြောကြားချက်အပေါ် နိုင်ငံတော်အစိုးရနဲ့ အန်အယ်လ်ဒီပါတီ တာဝန်ရှိသူတွေအနေနဲ့ လာမယ့် ဇူလိုင်လ ၁၄ရက်နေ့မတိုင်ခင် ဖြေရှင်းပေးဖို့ တောင်းဆိုထား ပါတယ်။ အဲ့ဒီတောင်းဆိုချက်နဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီပါတီ ခေါင်းဆောင်တွေက တုန့်ပြန်ဖို့မရှိကြောင်း ပြော ထားပါတယ်။
သာသနာရေးနဲ့ ယဉ်ကျေးမှုပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ မဘသ ဗဟိုရဲ့ အစိုးရထံ တောင်းဆိုချက်ကို ဖြေရှင်းစရာမလိုအပ်ကြောင်းနဲ့ ဒီမိုကရေစီစနစ်မှာ လွတ်လပ်စွာ သဘောထားကွဲလွဲပိုင်ခွင့်၊ ပြောဆိုခွင့်ရှိကြောင်း သတင်းမီဒီယာတွေကို ပြီးခဲ့တဲ့ ဇူလိုင်လ ၉ရက်နေ့က ပြောခဲ့ ပါတယ်။
အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ မဘသ အဖွဲ့ဝင်တွေ အနေနဲ့ ဆန္ဒထုတ်ဖေါ်တာတွေ မလုပ်ဖို့ မဘသ ဗဟိုက ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။
RFA သတင်းထောက် ကိုကျော်ဇောဝင်း က တင်ပြထားပါတယ်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောလိုက်တဲ့ မဘသအဖွဲ့မလိုအပ်ဘူး ဆိုတဲ့စကားကို အလေးဂရုပြုမှာ မဟုတ်တော့ဘူးလို့ အမျိုးဘာသာသာသနာစောင့်ရှောက်ရေး အဖွဲ့ (ဗဟို) က ဒီနေ့ကြေညာ လိုက်သလို ဆန္ဒပြပွဲတွေမလုပ်ကြဖို့ကို လည်း အောက်ခြေအဆင့်တွေကို ညွှန်ကြားလိုက်ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်လို့ မဘသအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆရာတော် ဒေါက်တာ အရှင်သောပါက ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်လျှောက်ထားမေးမြန်းထားတာ နားဆင်နိုင်ပါပြီ။