မဒေးကျွန်းအနီး သံဇစ်မြစ်ရေ ညစ်ညမ်းမှု အစိုးရက စုံစမ်းပေးဖို့ ဒေသခံတွေ တောင်းဆို
2018.09.07

ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မြေပုံ၊ အမ်းမြို့နယ်တွေမှာ ဖြစ်ပေါ်နေတဲ့ ရေထုညစ်ညမ်းမှု အခြေအနေကို အတိကျသိ ရအောင် အစိုးရက စုံစမ်းစစ်ဆေးပေးဖို့ နေပြည်တော် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ကို ဒေသခံတွေက ဒီနေ့တောင်းဆိုလိုက်ပါတယ်။
ဒီနေ့ ဝန်ကြီးဌာနရုံးမှာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး တင်ပြတောင်းဆိုခဲ့တာလို့ တွေ့ဆုံရာမှာပါဝင်ခဲ့တဲ့ အမ်းမြို့နယ် ပိုက်လိုင်းစောင့်ကြည့်လှုပ်ရှားရေးအဖွဲ့ ဥက္ကဌ ကိုမျိုးလွင် ကပြောပါတယ်။
"ဒီညစ်ညမ်းရေတွေက ဘယ်လောက်အတိုင်းအတာအထိ ကျယ်ပြန့်ပြီးတော့ ဖြစ်ပေါ်နေပြီလဲ၊ ဘယ်အတိုင်း အတာအထိ အန္တရာယ်ရှိနေပြီလဲ၊ နောက်ဆက်တွဲ ဆိုးကျိုးတွေကဘာလဲ၊ ဘယ်နေရာကစတင်ဖြစ်ပေါ်လာသလဲ ဒါတွေကို ဂဃနဏသိပြီးတော့ အစိုးရအနေနဲ့ ထုတ်ပြန်ပေးဖို့ လိုအပ်တယ်ဆိုတာကို ကျနော်တို့ဘက်က တင်ပြ ပါတယ်။ သူတို့ဘက်ကလည်း သက်ဆိုင်ရာဌာနတွေကို ရှင်းပြပြီးတော့ သူတို့အနေနဲ့ လုပ်သွားမယ်ဆိုတဲ့ ပုံစံမျိုးပေါ့"
ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက မဒေးကျွန်းအနီး သံဇစ်မြစ်ပေါ်မှာ စတင်တွေ့ရှိခဲ့တဲ့ ရေထုညစ်ညမ်းမှုတွေဟာ မြေပုံနဲ့ အမ်းမြို့နယ်တွေအထိ ကျယ်ပြန့်လာနေတာဖြစ်ပါတယ်။
အဲဒီမြို့နယ်တွေမှာ ညစ်ညမ်းရေထုကြောင့် ငါးတွေနဲ့ ဂုံးတွေ သေဆုံးမှုရှိနေတာ၊ ငါးဖမ်းဆီးရရှိမှု လျော့နည်းသွား တာ၊ ရေလုပ်သားတွေ အရေပြားရောဂါဖြစ်လာတာစတဲ့ လတ်တလောကြုံတွေ့နေကြရတဲ့ အကျိုးသက်ရောက်မှုတွေ ကိုပါ တင်ပြခဲ့တယ်လို့ ကိုမျိုးလွင် ကပြောပါတယ်။
ဝန်ကြီးဌာနတာဝန်ရှိသူတွေက ဒေသခံတွေရဲ့ လေ့လာတွေ့ရှိချက်တွေအပေါ်မှာ သက်ဆိုင်ရာဝန်ကြီးဌာန တွေနဲ့ပူးပေါင်းပြီး ဆောင်ရွက်သွားဖို့ ပြန်လည်ပြောဆိုခဲ့ပေမဲ့ ဘယ်လောက်အတိုင်းအတာအထိ အစိုးရဘက်က ဆောင်ရွက်မလဲဆိုတာကို စောင့်ကြည့်ရဦးမှာဖြစ်တယ်လို့လည်းဆိုပါတယ်။
ဒီနေ့ မြန်မာ-တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေးအဖွဲ့ရဲ့ ကိုယ်စားပြုအနေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး ကျောက်ဖြူမြို့နယ်က ကိုယ်စားလှယ် နှစ်ဦးပါ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။