မတ္တရာမြို့နယ် ဆိပ်သာရွာခံ နှစ်ဦး သတ်ဖြတ်ခံရပြီး နေအိမ်တချို့ မီးရှို့ခံရ

RFA Burmese
2024.02.13
မတ္တရာမြို့နယ် ဆိပ်သာရွာခံ နှစ်ဦး သတ်ဖြတ်ခံရပြီး နေအိမ်တချို့ မီးရှို့ခံရ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဆိပ်သာရွာ မီးရှို့ခံထားရသည်အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဆိပ်သာရွာထဲကို ဖေဖော်ဝါရီလ ၁၂ ရက် မနေ့က မနက်ပိုင်းမှာ အင်အား ၁၃၀ ပါ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့ပြီး ရွာထဲက ထွက်ပြေးဖို့ပြင်နေတဲ့ ဒေသခံ နှစ်ဦးကို သတ်ဖြတ်သွားတဲ့အပြင် နေအိမ်သုံးလုံးကိုပါ မီးရှို့သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသတ်ခံရသူတွေဟာ နာမည်မသိရသေးတဲ့ အသက် နှစ်ဆယ်အရွယ် အမျိုးသား နှစ်ဦးဖြစ်ပြီး (PDF) လို့ စွပ်စွဲပြီး သတ်ဖြတ်သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မတ္တရာ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“ဆိပ်သာရွာထဲကို မတ္တရာကနေ စစ်ကြောင်းထိုးတာဗျ။ ကားတွေနဲ့ ဝင်လာတာ။ ဆိပ်သာရွာသား နှစ်ဦးကို သတ်သွားတယ်။ အမျိုးသား နှစ်ဦး အသက် နှစ်ဆယ် ဝန်းကျင်လောက်ပေါ့။ တစ်ဦးကိုတော့ မျက်နှာကို ပစ်သတ်သွားတယ်။ တစ်ဦးကိုတော့ လက်ပြန်ကြိုးတုပ်ပြီးတော့ ဓားနဲ့ ဗိုက်လည်း ထိုးခွဲသွားတယ်။ နောက်တစ်ခါ လည်ပင်းကိုလည်း လှီးသွားတယ်ဗျ။ အလောင်းတွေကို ဆိပ်သာရွာလယ် လမ်းမှာပဲတွေ့တာ။ PDF ဆိုပြီး ပုံမှားလုပ်သွားတာ။ အိမ် သုံးလုံးလည်း မီးရှို့သွားတယ်”

အဲဒီစစ်ကြောင်းဟာ ဆိပ်သာရွာကို စီးနင်းပြီးနောက် မတ္တရာမြို့ထဲဘက်ကို ပြန်ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။

အိမ်ခြေသုံးရာကျော်၊ လူဦးရေ တစ်ထောင်ကျော်ရှိတဲ့ ဆိပ်သာရွာခံတွေနဲ့ အင်းကုန်းရွာခံတွေကတော့ စစ်ကြောင်းဝင်ချိန် ထွက်ပြေးခဲ့ကြပေမယ့် လက်ရှိတော့ ရွာထဲပြန်ဝင်နေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ညနေ ၃ နာရီခွဲခန့်မှာပဲ မတ္တရာမြို့နယ် အနောက်ခြမ်း ဘုရားမကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ခြောက်ချက်ခန့် ပစ်ခတ်ခဲ့တာကြောင့် ဒေါင်းကျွန်းရွာခံ အမျိုးသမီး တစ်ဦးနဲ့ အမျိုးသား နှစ်ဦး၊ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ရွာတွေကို စီးနင်းနေတာနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ စီးပွားရေး ဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ဖေဖော်ဝါရီ ၁၃ ရက် ဒီနေ့မနက်မှာလည်း သဖန်းဒေါင့်ရွာနဲ့ အနီးအနားရွာတွေမှာ စခန်းချနေတဲ့ စစ်ကောင်စီတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်နေတာကြောင့် သဖန်းဒေါင့်၊ ဒေါင်းကျွန်း၊ ဘုရားမကုန်း၊ သုံးဆယ်ပေး၊ ကုန်းတန်းကြီး၊ ကုန်းတန်းလေး၊ ကြိမ်တော၊ ကျွဲခြံကုန်း စတဲ့ ရွာဆယ်ရွာကျော်က ဒေသခံ ရှစ်ထောင်ကျော် ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။