မတ္တရာက စစ်ကောင်စီတပ်စခန်းတစ်ခုကို မန္တလေး PDF သိမ်းယူ

RFA Burmese
2024.05.10
မတ္တရာက စစ်ကောင်စီတပ်စခန်းတစ်ခုကို မန္တလေး PDF သိမ်းယူ မန္တလေးတိုင်း၊ မတ္တရာမြို့မြောက်ဘက်ရှိ စစ်ကောင်စီ စခန်းတစ်ခုအား သိမ်းပိုက်ပြီး သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ၂၀၂၄ ခုနှစ် မေလ ၁၀ နေ့က ထုတ်ပြန်ထားစဉ်။
Mandalay People’s Defence Force

မန္တလေးတိုင်း၊ မတ္တရာမြို့မြောက်ဘက်မှာရှိတဲ့ တောင်တံငါကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ အထိုင်စခန်းတစ်ခုကို မေလ ၁၀ ရက်နေ့မနက်က သိမ်းယူနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သတင်းထုတ်ပြန်ပါတယ်။

ဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီး တစ်ဦးအပါအဝင် ၁၂ ဦး သေဆုံးခဲ့ပြီး ထွက်ပြေးသွားသူတွေလည်းရှိသလို လက်နက်ခဲယမ်းတွေလည်း သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ဘက်ကလည်း တစ်ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီစခန်းဟာ မတ္တရာမြို့ကနေ စဉ့်ကူးဘက်အထွက်မှာ ရှိပြီး မတ္တရာမြို့နဲ့ ရေနံ့သာကျေးရွာကြားမှာရှိတဲ့ ဒေသခံတွေဆီကနေ ငွေကြေးကောက်ခံနေတဲ့ စခန်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီစခန်းသိမ်းခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဧပြီလ ၃၀ ရက်နေ့ကလည်း မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ဝါးပိုးချပ်ကျေးရွာက စစ်ကောင်စီတပ်ခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဧပြီလ ၁၅ ရက်နေ့ကတော့ နောင်ချိုမြို့နယ် သရက်ကုန်းရွာ စစ်ကောင်စီ တပ်စခန်းကို သိမ်းပိုက်ခဲ့ပါတယ်။

နောင်ချိုမြို့နယ် သရက်ကုန်းရွာစစ်တပ်စခန်းကို ပြန်ရဖို့ စစ်ကောင်စီက လေကြောင်းနဲ့ မြေပြင်ကနေပါ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်းမှာ လေကြောင်းကနေ အကြိမ်လေးဆယ်ကျော် တိုက်ခိုက်ခဲ့တယ်လို့ မန္တလေး PDF က မေလ ၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။