မတ္တရာမှာ စစ်ကောင်စီတပ်က ဖမ်းသွားတဲ့ အရပ်သားနှစ်ဦး အသတ်ခံရ
2023.05.17

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အောက်တောင်ကိုင်းရွာနဲ့ ဥဒိန်ရွာက ဒေသခံခြောက်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး အဲဒီထဲက အမျိုးသားနှစ်ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မန္တရာမြို့နယ် အနောက်ခြမ်းကို မေလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ ဝင်ရောက်ခဲ့ပြီး အောက်တောင်ကိုင်းရွာက ဒေသခံသုံးဦးနဲ့ ဥဒိန်ရွာက ဒေသခံ သုံးဦးကို ဖမ်းဆီးသွားတာပါ။
အဲဒီနောက် မေလ ၁၆ ရက်မှာတော့ ဖမ်းဆီးခံရသူတွေထဲက အသက် ၂၅ နှစ်နဲ့ အသက် ၅၀ အရွယ် အမျိုးသားနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို မေလ ၁၆ ရက်မှာ ရွာတော်ကြီးရွာအနီး တွေ့ရှိခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ခြေထောက်တွေကို ရိုက်နှက်ပြီးတော့မှ ကဲ မင်းတို့ကောင်တွေ ထွက်ပြေးတော့ ဆိုပြီးတော့မှ ရွာအနောက်ဘက်ကို လွတ်လိုက်တဲ့အခါမှာ တော်တော်ဝေးဝေးရောက်တဲ့အခါမှာ မပြေးနိုင်ဘူး။ တကယ်တမ်းက သူတို့ ရိုက်နှက်ထားတော့ မပြေးနိုင်ဘူး။ အဲမှာ မပြေးနိုင်တဲ့အခါမှာ သေနတ်နဲ့ ပစ်သတ်လိုက်တယ် အဲမှာသေသွားတယ်ဗျ”
ကျန်တဲ့အရပ်သားလေးဦးလည်း ဆက်လက်ပျောက်ဆုံးနေဆဲဖြစ်သလို သေဆုံးသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း RFA က မသိရသေးပါဘူး။
မေလ ၁၅ ရက်ကလည်း မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ထုံးကြီးရွာကနေ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ထီးကုန်းဘုန်းကြီး ကျောင်းထဲကို လက်နက်ကြီးကျပြီး ပြည်သူနှစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတချို့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီပစ်ခတ်မှုကြောင့် ထီးကုန်း၊ သာယာဝတီ၊ ရေတော်၊ ခွေးကျွန်းရွာစတဲ့ ရွာခုနစ်ရွာက ဒေသခံခုနစ်ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရပါတယ်။
ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ ဦးသိန်းဌေးကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။