မတ္တရာနဲ့ မြင်းခြံမှာ လက်နက်ကြီးကြောင့် ကလေးငယ်တွေအပါအဝင် ငါးဦး သေဆုံး

RFA Burmese
2024.04.11
မတ္တရာနဲ့ မြင်းခြံမှာ လက်နက်ကြီးကြောင့် ကလေးငယ်တွေအပါအဝင် ငါးဦး သေဆုံး စစ်ကောင်စီ စစ်ကြောင်းထိုးမှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် မတ္တရာ ဒေသခံများအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ မြင်းခြံမြို့နယ်ကရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ်တွေ အပါအဝင် ငါးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ဧပြီလ ၁၁ ရက်မှာ ပြောပါတယ်။

မတ္တရာမြို့နယ် ရွှေချောင်းရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဧပြီလ ၁၀ ရက်နေ့မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အောက်တောင်ကိုင်းရွာက အသက် ၁၃ နှစ်အရွယ် မောင်ဖိုးသင်္ကြန်၊ ၁၄ နှစ်အရွယ် မောင်ရဲမင်းခန့်၊ ၄၉ နှစ်အရွယ် ဒေါ်ဝင်းဆန်းနဲ့ ၆၆ နှစ်အရွယ် ဦးညွန့်ခင်တို့ သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မိသားစုတော့ မဟုတ်ဘူး။ အဲဒီမှာစုနေကြတဲ့သဘော။ လက်နက်ကြီးက အိမ်အဝင်းထဲကျတာ။ သူတို့က ရှောင်တိမ်းချိန်မရတာပေါ့။ မနက်ခင်းအစောကြီးဆိုတော့လည်း ဘယ်သူမှလည်း မထင်ထားဘူးလေ။ ကလေးလေးတွေဆိုရင် အိမ်မှုကိစ္စ တံမြက်စည်းလှဲရင်း ပြုရင်းနဲ့ကို ထိကုန်တာ”

သေဆုံးသူတွေအပြင် နောက်ထပ်အရပ်သားနှစ်ဦးလည်း ဒဏ်ရာရထားတယ်လို့ သူက ဆိုပါတယ်။

မြင်းခြံမြို့နယ် တူရွင်းဘို့ရွာမှာလည်း ဧပြီလ ၉ ရက်နေ့မှာ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကြောင့် အသက် ၃၄ နှစ်အရွယ် ဦးမင်းနိုင်ထူး သေဆုံးပြီး အသက် ၃၇ နှစ်အရွယ် ဇနီး ဒေါ်စံကြည်နဲ့ ၇ နှစ်အရွယ် သမီးဖြစ်သူတို့ကိုတော့ ဒဏ်ရာရလို့ ဆေးရုံပို့ထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

မတ္တရာမြို့နယ်နဲ့ မြင်းခြံမြို့နယ်တွေမှာ စစ်ကောင်စီတပ်က အခုရက်ပိုင်း ရွာတွေကို စစ်ကြောင်းထိုးတာနဲ့ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ နေ့စဉ်လိုလို လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA ရဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်ကနေ ၃၁ ရက်အထိ တစ်လအတွင်း တစ်နိုင်ငံလုံးမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လေကြောင်းနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အရပ်သားအယောက်နှစ်ရာ သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။