စစ်ကြောင်းထိုး မီးရှို့နေလို့ မတ္တရာမြို့နယ်ထဲက ဒေသခံတစ်ထောင်ကျော်ထွက်ပြေးနေရ

RFA Burmese
2023.11.02
စစ်ကြောင်းထိုး မီးရှို့နေလို့ မတ္တရာမြို့နယ်ထဲက ဒေသခံတစ်ထောင်ကျော်ထွက်ပြေးနေရ မတ္တရာအ​ရှေ့ခြမ်းကျေးရွာများအတွင်း စစ်ကောင်စီ စစ်ကြောင်းထိုးလာတာကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒေသခံများကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မန္တလေးတိုင်း မတ္တရာမြို့နယ် အရှေ့ခြမ်းက ရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ရွာပေါင်း ဆယ်ရွာခန့်က ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက နိုဝင်ဘာလ ၂ ရက် ဒီနေ့မှာ RFA ကိုပြောပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့ကနေ ဒီနေ့အထိ စစ်ကြောင်းထိုးနေတာဖြစ်ပြီး စကားပင်၊ အေးချမ်းသာ၊ ကင်းရွာ၊ ကျောက်ဆည်၊ ငါးလုံးပြွန် စတဲ့ရွာတွေက ဒေသခံတွေ တိမ်းရှောင်နေရတာလို့ ဆိုပါတယ်။

နိုဝင်ဘာလ ၂ ရက်နေ့ ဒီနေ့မနက်မှာလည်း အင်အား ခုနစ်ဆယ်ကျော်ပါတဲ့ စစ်ကောင်စီတပ်က စကားပင်ရွာထဲကို ပစ်ခတ်ဝင်ရောက်လာတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့က သန်းကုန်းရွာကို တပ်စွဲတာ။ ဒီနေ့မနက် ရှစ်နာရီကျော်ကျော်က စကားပင်ရွာကို ပစ်ခတ်ပြီး ဝင်လာတာ။ မီးရှို့တာရယ်လို့တော့ မရှိသေးဘူး။ လူတွေကတော့ ရှောင်နေရတာ”

စစ်ကြောင်း ဝင်ရောက်ခဲ့တဲ့ ငါးလုံးပြွန်ရွာမှာတော့ နေအိမ်တွေ မီးရှို့ခံရတာရှိပြီး ဒေသခံနှစ်ဦးလည်း ဖမ်းဆီးခံထားရတယ်လို့ သူကဆိုပါတယ်။

မီးရှို့ခံရတဲ့ နေအိမ် အရေအတွက်နဲ့ ဖမ်းဆီးခံရသူ နှစ်ဦးရဲ့ ကိုယ်ရေး အချက်အလက် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

အောက်တိုဘာ ၂၆ ရက်နေ့ကတော့ မတ္တရာမြို့နယ် သဖန်းထောင့်ရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ပြီး စစ်ကြောင်း ထွက်သွားလို့ ရွာထဲပြန်ဝင်ချိန်မှာ ရုပ်အလောင်း သုံးလောင်းကိုလည်း တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

UNOCHA ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်း နေရပ်စွန့်ခွာရသူ နှစ်သန်းနီးပါး ရှိလာပြီး အဲဒီအထဲက ၁ ဒသမ ၇ သန်းနီးပါးဟာ အာဏာသိမ်းပြီးနောက် ဖြစ်လာတဲ့ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကြရသူတွေ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။