မတ္တရာမြို့ သဖန်းကိုင်းရွာက အိမ်ဆယ်လုံးကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သဖန်းကိုင်းရွာက နေအိမ်ဆယ်လုံးကို စစ်ကောင်စီတပ်တွေက မနေ့ ညနေပိုင်းက ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သား အင်အား နှစ်ဆယ်လောက်က ရွာထဲကိုဝင်လာပြီး မီးရှို့ခဲ့တာလို့ သဖန်းကိုင်းရွာခံ တစ်ဦးက RFA ကို ပြောပါတယ်။
“အရင်ဆုံး စစ်သား ခြောက်ယောက်လောက် ရှေ့ပြေးရောက်လာတယ်။ ပြီးတော့ နောက်ထပ် ကား တစ်စီး ထပ်ရောက်လာတယ်။ ညနေခင်းမှာ ရွာအရှေ့ပိုင်းကနေ မီးစ ရှို့ခံရတာ။ နေအိမ်ဆယ်လုံးလောက် အကုန် ပြာကျသွားတယ်”
စစ်ကောင်စီတပ်သားတွေက ဘာကြောင့် ရွာကနေအိမ်တွေကို မီးရှို့ဖျက်ဆီးတယ်ဆိုတဲ့ အကြောင်းအရင်း ခိုင်ခိုင်လုံလုံ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကလည်း ရွာထဲမှာ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ ရှိနေတယ်ဆိုတဲ့ သံသယနဲ့ ရွာကို စစ်ကောင်စီတပ်တွေက သေနတ်တွေနဲ့ ပစ်ခတ် ဝင်ရောက်စီးနင်းပြီး အိမ် သုံးလုံးကိုလည်း ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။
အဲဒီဖြစ်စဉ်မှာတော့ ဦးဆင်ပေါက်ဆိုသူ ရွာသားတစ်ယောက် အဖမ်းခံရပြီး အခုထိ ပြန်လွတ်မလာသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။