မဲဆောက် ဘုံကျောင်း ဆန်အလှူ မြန်မာ နှစ်သောင်း လာရောက်ခံယူ


2014.08.17

ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့ တရုတ်ဘုံကျောင်းက နှစ်စဉ်ကျင်းပတဲ့ တရုတ်ရိုးရာ တစ္ဆေကြီးပွဲမှာ မနေ့ မနက်က ဆန်ထုပ်တွေ လှူဒါန်းဝေငှခဲ့ရာမှာ လာရောက် အလှူခံခဲ့ကြသူ  မြန်မာနိုင်ငံသား နှစ်သောင်းနီးပါး ရှိတယ်လို့ သိရပါတယ်။

တရုတ်ရိုးရာ တစ္ဆေကြီးပွဲအလှူနဲ့ ပတ်သက်လို့ တရုတ်ဘုံကျောင်း ဥက္ကဌ မစ္စတာ စူချက်သရိ ထဝထနာ က ထိုင်းနိုင်ငံရောက် တရုတ်လူမျိုးတွေရဲ့ ရိုးရာဓလေ့ပါ၊ တရုတ် ဘိုးဘွားတွေ လက်ထက် ကတည်းက ဆောင်ရွက် လာခဲ့တဲ့ အလှူပွဲလည်းဖြစ်ပါတယ်၊ ဆန်၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ဆား စတာတွေပါတဲ့ အထုပ်ပေါင်း တစ်သောင်းကျော် ဝေငှမှာပါ၊ အလှူခံသူအားလုံးကို ကူပွန်တွေ ပေးထားပါတယ်၊ ကူပွန်မရတဲ့သူတွေကို ပိုက်ဆံပေးမှာပါ။ ဒီပွဲကိုလာရောက် အလှူခံသူအားလုံး လက်မဲ့မဖြစ်စေဖို့ စီစဉ်ထားပါတယ်လို့ ပြောဆိုပါတယ်။

ဝေငှခဲ့တဲ့ လက်မှတ်ပေါင်း တစ်သောင်းနှစ်ထောင် ရှိတယ်လို့လည်း ပြောပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့ကနေ လာယူတဲ့ အိမ်ရှင်မ တစ်ဦးကတော့ စားဝတ်နေရေးအဆင်မပြေလို့ သူများလှူတဲ့ ဆန်ထုပ်ကို လာယူရတာလို့ ပြောပါတယ်။

"မြဝတီမြို့ကလာတာ တော်တော်များများပေါ့နော် လာကြတာပေါ့၊ အမှတ် ၁ ဖက်ကဟာတွေ ဘာတွေလာကြတာပေါ့၊ မနက် ၇ နာရီခွဲကတည်းက ထွက်လာခဲ့တယ်၊ ရင်ထဲတော့ သိပ်တော့ မကောင်းဘူးပေါ့၊ ဘယ်လိုပြောရမလဲ ငိုချင်တာပေါ့၊ ကိုယ့်မှာ မပြေလည်လို့ ခုလိုလာယူနေရတော့ ဝမ်းနည်းမိတာပေါ့"

တရုတ်ဘုံကျောင်း ဆန်အလှူကို မဲဆောက်မြို့ပေါ်က ရွှေ့ပြောင်းမြန်မာအလုပ်သမား မိသားစုတွေ ကဘိဘန်၊ ဟုန်ဖိုင်၊ မယ်တောင်၊ မယ်တော်၊ မယ်ပ စတဲ့ မဲဆောက်မြို့ ဝန်းကျင်ဒေသတွေက မြန်မာ အလုပ်သမားတွေနဲ့ ကရင်ပြည်နယ် မြဝတီမြို့ပေါ်ရပ်ကွက်တွေက မြန်မာမိသားစုတွေ အများစု လာရောက်အလှူခံခဲ့ကြပါတယ်။

တရုတ်ရိုးရာ တစ္ဆေကြီးပွဲလို့ လူသိများတဲ့ ဒီဆန်အလှူပွဲဟာ ကွယ်လွန်သူ တရုတ်ဘိုးဘွားတွေနဲ့ ဆွေမျိုးမဲ့ ဝိဉာဉ်တွေ ကောင်းရာဘုံဘ၀ ရောက်အောင် ရည်စူးပြီး၊ ကောင်းမှုကုသိုလ်ပြုကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။