မဲဆောက်မြို့ အိုမီဂါစက်ရုံ မြန်မာ အလုပ်သမားတွေဆန္ဒပြ

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ဘန်ဆောင်ခွဲ အရပ်မှာရှိတဲ့ အိုမီဂါ အထည်ချုပ်စက်ရုံ က မြန်မာရွှေ့ပြောင်းအလုပ်သမား ၄ဝဝ ကျော်ဟာ လုပ်အားခရရှိရေးအတွက် အလုပ်မဆင်းပဲ မနေ့ ညနေပိုင်းကနေ ဒီကနေ့ထိ ဆန္ဒပြနေကြတယ်လို့ RFA ကစုံစမ်းသိရပါတယ်။

2013.02.02

အခု အလုပ်သမားတွေ ဆန္ဒပြနေတဲ့ အိုမီဂါ အထည်ချုပ်စက်ရုံဟာ ကျွမ်းကျင်အဆင့် အလုပ်သမားတစ်ဦးကို တစ်နေ့လုပ်အားခ ဘတ်ငွေ ၁၅ဝ လောက်သာပေးပြီး၊ သာမန်အလုပ်သမား အများစုကတော့ တစ်နေ့ကို ဘတ်ငွေ ၁၂ဝ သာရရှိနေခဲ့တာဖြစ်ပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ပေးထားတဲ့ တစ်ရက်လုပ်အားခထက် နည်းနေတဲ့အတွက် လုပ်အားခတိုးပေးရေးအပါအဝင် အထည်ပြီးမြောက်မှုအပေါ်မှာ လုပ်ခသတ်မှတ်ပေးတဲ့ အထည်ကောက်စနစ်ကိုပါ ကန့်ကွက်တာ ဖြစ်တယ်လို့ ဆန္ဒပြအလုပ်သမားတစ်ဦးက အခုလိုပြောပါတယ်။

မနေ့က အထည်ကောက်ပဲ ပေးတော့မယ်လို့ သူဌေးကပြောတာလေ၊ အထည်ကောက်စံနစ်ကို မကြိုက်လို့ အကုန်လုံးက နေ့စားရောတိုးဖို့ ဒီအထည်ကောက်စံနစ်ကိုရော အကုန်လုံး ကန့်ကွက် တာပေါ့၊ ဆန္ဒပြတာ ကျနော်တို့ အလုပ်မဆင်းဘဲနေကြတာ စက်ရုံတစ်ရုံလုံးပဲ အကုန်လုံး ၄၀၀ ကျော်တယ်၊ အဓိကတောင်းဆိုတာ အထည်ကောက်စံနစ်ကို မလုပ်ဘူး၊ နေ့စားကိုတိုးပေး အမြင့်ဆုံး ၂၀၀ အနိမ့်ဆုံး ၁၈ဝ ပေါ့နော်”

ဒီကနေ့ မွန်လွဲပိုင်းမှာတော့ ဆန္ဒပြအလုပ်သမားတွေထဲက ကိုယ်စားလှယ်တွေကို အိုမီဂါ စက်ရုံ တာဝန်ရှိသူတွေဘက်က ခေါ်ယူဆွေးနွေးကာ အလုပ်သမားတစ်ဦးကို တစ်နေ့လုပ်ခ ဘတ် ၃ဝ ပျမ်းမျှနှုန်း တိုးပေးမယ်လို့ ညှိနှိုင်းခဲ့ပေမယ့် ဆန္ဒပြအလုပ်သမားတွေက လက်မခံဘူးလို့  သိရပါတယ်။

တပ်ခရိုင် အလုပ်သမား ကြီးကြပ်ကာကွယ်ရေးရုံးက အရာရှိက အိုမီဂါ အထည်ချုပ်စက်ရုံက အလုပ်ရှင် အလုပ်သမား လုပ်အားခပြဿနာကို ပြေလည်အောင်ဖြေရှင်းဆောင်ရွက်ပေးဖို့ စက်ရုံတာဝန်ရှိသူတွေထံ ဖုန်းဆက်အကြောင်းကြားတဲ့အတွက် စက်ရုံလုပ်ငန်းရှင်ဖက်က လုပ်အားခတိုးပေးဖို့ အလုပ်သမားအားလုံးနဲ့ ဆွေးနွေးဖို့ သဘောတူလိုက်ကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဌ ဦးမိုးကြိုးက ပြောပါတယ်။

“တပ်ခရိုင် အလုပ်သမား ကြီးကြပ်ကာကွယ်ရေးရုံး ကနေပြီးတော့ အရာရှိကနေ အလုပ်ရှင်ထံ တိုက်ရိုက်ဖုန်းဆက်လိုက်လို့ အလုပ်ရှင်ကနေပြီးတော့ သူတို့ကို တနင်္လာနေ့မှာဖြစ်ဖြစ် မျက်နှာစုံညီဆွေးနွေး အလုပ်ရှင်အလုပ်သမားတွေ့ဆုံပွဲလုပ်ပြီးတော့ လုပ်အားခတိုးမြှင့်ပေးရေးကိစ္စကို ဆွေးနွေးမယ် တခြားအကြောင်းအရာတွေလည်းပါမယ်ပေါ့ တရားဝင်က ဘတ် ၃၀၀ ရရမှာ တိုးပေးရမှာ ကြိမ်းသေတယ် တချို့က ၁၈၀ တစ်ချို့က ၁၉၀ ရမှ လက်ခံမယ်သူရှိတယ်”

အိုမီဂါ အထည်ချုပ်စက်ရုံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၁၃ ဦး အလုပ်လုပ်ကိုင်နေတာဖြစ်ပြီး အလုပ်သမားအများစုက ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ခွင့် လက်မှတ်ကိုင်ဆောင်ထားသူတွေဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။