ရေစကြိုမှာ ဗုံးကြဲခံရပြီး အမျိုးသမီး နှစ်ဦး သေဆုံး၊ လေးဦး ဒဏ်ရာရ
2024.09.23

မကွေးတိုင်း ရေစကြိုမြို့နယ် မအူအောက်ဆိပ်ရွာကို စက်တင်ဘာလ ၂၂ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး နှစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေက အသက် ၁၇ နှစ်အရွယ် မခြူးသိမ့်သိမ့်နဲ့ အသက် ၂၃ နှစ်အရွယ် မစုမြတ်ဝေတို့ ဖြစ်ပြီး အသက် ၄၆ နှစ်အရွယ် ဒေါ်စောသန္တာမျိုး၊ အသက် ၇၀ အရွယ် ဒေါ်ကြည်ဝင်း၊ အသက် ၅၀ အရွယ် ဒေါ်စောနန်းစိန် နဲ့ အသက် ၃၅ နှစ်အရွယ် ဒေါ်စိမ်းမို့မို့တို့ ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။
အဲဒီနေ့ မနက် ၈ နာခွဲ အချိန်မှာ မုံရွာမြို့ကနေ ရေစကြိုမြို့နယ်ထဲကို ချင်းတွင်းမြစ်အတိုင်း စစ်သင်္ဘောတွေ ဆင်းလာတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်တဲ့ အချိန်မှာ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကတက်လာတဲ့ ဂျက်တိုက်လေယာဥ်တစ်စီးက လာရောက်တိုက်ခိုက်ခဲ့တာလို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ရဲဘော်ဝေကြီးက RFA ကို ပြောပါတယ်။
"ကမ်းနားမှာရှိတဲ့ ပြည်သူတွေက စစ်သင်္ဘောတွေက လျှောက်ထုမှာဆိုးလို့ ဆိုပြီးတော့ ရွှေကျင်ကျောင်းဘက်မှာ စစ်ဘေးရှောင်နေကြတာပေါ့။ အဲဒါကို ဂျက်ဖိုက်တာလေယာဥ်နဲ့ ဘုန်းကြီးကျောင်းနဲ့ ကျောင်းဘေးက ဆေးရုံ နှစ်ခုလုံးကို ပစ်သွားတာ"
အဲဒီနေရာတွေကို ရော့ကတ် (ဒုံးကျည်) ၁၅ လုံး ဝန်းကျင်နဲ့ ပေါင်ငါးရာ ဗုံးသုံးလုံး ကြဲခဲ့ပြီး အဲဒီထဲက ပေါင်ငါးရာ ဗုံးနှစ်လုံးက မပေါက်ကွဲသေးဘူးလို့ သူက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
မအူအောက်ဆိပ်ရွာဟာ ချင်းတွင်းမြစ်ကမ်းဘေးမှာတည်ရှိပြီး ရေစကြိုမြို့နဲ့ ဆယ်မိုင်ခန့် ကွာဝေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးမှုတွေအပြင် မအူအောက်ဆိပ် တိုက်နယ်ဆေးရုံ၊ ရွှေကျင်ကျောင်းတိုက်၊ သိမ်ကျောင်း၊ စလင်းကန်လယ်ဆရာတော်ဘုရားကြီးရဲ့ ဓာတ်တော်စေတီတို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာလ ၂၀ ရက်နေ့ကလည်း မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် ၁၄ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။