မင်းတုန်းမြို့နယ်မှာ အိမ် ငါးဆယ်ကျော် မီးရှို့ဖျက်ဆီးခံရ
2024.12.08

မကွေးတိုင်း၊ မင်းတုန်းမြို့နယ် ရွာသစ်ရွာမှာ ဒီဇင်ဘာ ၆ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရွာထဲစီးနင်းပြီး မီးရှို့တာကြောင့် နေအိမ် ငါးဆယ်ကျော် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။
မင်းတုန်းမြို့အနီး တောင်ဘက်အခြမ်းက ရွာသစ်ရွာကို စစ်ကောင်စီရဲ့ သရက်မြို့နယ်အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၂)၊ ခြေလျင်တပ်ရင်း ခလရ (၄၄) အပြင် မကွေးမြို့ အခြေစိုက် တပ်မ ၈၈ တပ်ရင်းနဲ့ ပြည်သူ့စစ်အင်အား တစ်ရာခန့်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းတုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက RFA ကို ပြောပါတယ်။
“အဲဒီဘက်တွေကို သူတို့ စစ်ကြောင်းပြန်ဝင်တယ်ဗျ။ ပြန်ဝင်တော့ ဒီဇင်ဘာ ၆ ရက်နေ့မှာ သူတို့ ရွာသစ်ကိုရောက်တယ်။ ရွာသစ်ကိုရောက်ပြီးတော့ ဒီဇင်ဘာ ၆ ရက် ညနေ ၄ နာရီ ၃၀ လောက်မှာ သူတို့ အဲဒီ ရွာသစ်ရွာကို မီးရှို့တယ်ပေါ့။ ကျွန်တော်တို့ သတင်းအရဆိုရင် အိမ်ခြေ ၅၂ အိမ် မီးလောင်သွားတယ်။ အဲဒီရွာမှာ အိမ်ခြေ တစ်ရာကျော်ရှိတယ်။ အဲဒီအထဲက အိမ်ခြေ ငါးဆယ်ကျော်လောက် ပါသွားတယ်ပေါ့”
စစ်ကောင်စီတပ်က ရွာသစ်ရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး ဒီဇင်ဘာလ ၈ ရက် ဒီနေ့အထိ စစ်ကောင်စီတပ်သားတွေဟာ ရွာသစ်ရွာအနီးမှာ ရှိနေသေးတယ်လို့ သူက ပြောပါတယ်။
ဒါကြောင့် ရွာသစ်ရွာက ဒေသခံ လေးရာခန့် နေရပ်မပြန်နိုင်သေးဘဲ ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဒီဇင်ဘာ ၈ ရက်နေ့ ဒီနေ့မှာ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။
မင်းတုန်းမြို့နယ်က ရွာသစ်၊ ကြို့ဝ၊ မြောက်ပြင် စတဲ့ရွာတွေကို နိုဝင်ဘာ ၁၈ ရက်နေ့ကစပြီး စစ်ကောင်စီဘက်က အင်အားတစ်ရာ့ငါးဆယ်ဝန်းကျင်နဲ့ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး စစ်ကြောင်းထိုးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၂၆ ရက်တုန်းက စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ကြို့ဝရွာအနီးမှ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား သုံးဆယ်ခန့် သေဆုံးသလို သုံ့ပန်းတစ်ဦးနဲ့ လက်နက်တွေ သိမ်းဆည်းခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ ဘက်ကပြောပေမဲ့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်အချက်အလက်တွေကို ကောက်ယူနေတဲ့ လွတ်လပ်တဲ့ သုတေသန အဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ နိုဝင်ဘာလ ၁၀ ရက် ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်ပေါင်း တစ်သိန်းကျော် (၁၀၅,၃၁၄ လုံး) ရှိလာပြီဖြစ်ပါတယ်။