မကွေးတက္ကသိုလ်က CDM တွဲဖက်ပါမောက္ခတစ်ဦး အဖမ်းခံရ
မကွေးတက္ကသိုလ် ဒဿနိကဗေဒဌာနက တွဲဖက်ပါမောက္ခ ဒေါက်တာ စုအေးဝင်းဟာ ဒီဇင်ဘာ ၉ ရက် ည ၉ နာရီခွဲလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံလိုက်ရပါတယ်။
မကွေးမြို့ မြို့ဟောင်းရပ်ကွက်မှာ နေထိုင်တဲ့ ဆရာမ ဒေါက်တာ စုအေးဝင်းရဲ့အိမ်ကို ဧည့်စာရင်းစစ်မယ်ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခေါ်သွားတာလို့ မကွေး တက္ကသိုလ် ကျောင်းသားသမဂ္ဂက တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
"ဆရာမကို ဧည့်စာရင်းစစ်ဖို့ စစ်ဆေးစရာလေးတွေ ရှိပါတယ်ဆိုပြီး စစ်ကောင်စီက ခေါ်သွားတာဗျ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးပါတယ်၊ ရဲပါတယ်၊ စစ်သားပါတယ် ဧည့်စာရင်း စစ်ဖို့ ရှိတယ်ပုံစံမျိုးနဲ့ လာခေါ်သွားတယ်ဗျ"
ဒေါက်တာ စုအေးဝင်းဟာ အကြမ်းမဖက် အာဏာရှင်ဖီဆန်ရေး CDM လုပ်ထားသူဖြစ်ပြီး ခုလို အဖမ်းခံလိုက် ရတဲ့အတွက် အိမ်မှာ အသက် ၇၀ ကျော်အရွယ် အဖွားဖြစ်သူနဲ့ တူ တစ်ယောက်သာ ကျန်ခဲ့တယ်လို့ ပြောပါ တယ်။
ဆရာမကို ဘယ်မှာဖမ်းထားတယ်ဆိုတာ မသိရသေးသလို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ လည်း အခုအချိန်အထိ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ရက် ၂၀ လောက်က မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်ဦးထံကနေ CDM လုပ်ထား တဲ့ ဆရာ၊ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူ စာရင်းတွေကို စစ်ကောင်စီက တောင်းပြီးတဲ့နောက် အခုလို မကွေးတက္ကသိုလ်က CDM ဆရာမတစ်ဦး ပထမဆုံးအကြိမ် အဖမ်းခံလိုက်ရတာလို့ မကွေး တက္ကသိုလ် ကျောင်းသားသမဂ္ဂက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။