ပွင့်ဖြူမှာ ရေကြီးလို့ စာသင်ကျောင်း သုံးဆယ် ပိတ်ထားရ
2024.07.20

မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ ဧရာ၀တီမြစ် ရေကြီးရေလျှံမှုကြောင့် အခြေခံပညာ စာသင်ကျောင်း သုံးဆယ် ပိတ်ထားရတယ်လို့ စစ်ကောင်စီရဲ့ ဇူလိုင်လ ၂၀ ရက် ဒီနေ့ထုတ် သတင်းစာတွေမှာ ဖော်ပြပါတယ်။
ဧရာ၀တီမြစ်ကမ်းဘေးတစ်လျှောက်မှာရှိတဲ့ သံကိုင်း၊ သိမ်ကုန်း၊ ကျောင်းစု၊ ဇီးကျွန်း၊ ထူး၊ နန်းတော်ကျွန်း၊ ရေချမ်းစဉ် အစရှိတဲ့ရွာတွေက မူလတန်းကျောင်းအများစုနဲ့ အထက်တန်းကျောင်းတချို့ ပိတ်ထားရတာလို့ ဆိုပါတယ်။
လက်ရှိမှာ နေအိမ်တွေ ရေဝင်နစ်မြုပ်နေလို့ ဒေသခံတွေ ရွှေ့ပြောင်းတာနဲ့ ရေကြီးတာ ရက်ကြာလာတဲ့အတွက် အခက်အခဲ ဖြစ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ပွင့်ဖြူမြို့နယ်ထဲမှာ စာသင်ကျောင်းတွေ ပိတ်ထားရတာအပြင် စပါး၊ ပဲတီစိမ်းနဲ့ နှမ်းခင်း စုစုပေါင်း ဧကနှစ်ထောင်ခန့်လည်း ရေဝင်နစ်မြုပ်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှထွန်းကတော့ လယ်စိုက်ခင်းတွေအတွက် မျိုးစပါးတွေ ထုတ်ပေးတာနဲ့ တိရစ္ဆာန်အစာတွေ ထောက်ပံ့ဖို့ စီစဥ်ထားတယ်လို့ RFA ကို ပြောထားပါတယ်။
ဧရာ၀တီ၊ ချင်းတွင်း၊ ငဝန်နဲ့ တိုးမြစ် တို့မှာရှိတဲ့ မြို့ပေါင်း ၁၈ မြို့မှာ စိုးရေမှတ်အထက်ကျော်လွန်နေပြီး ရေကြီးရေလျှံမှုတွေဖြစ်နေတယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဇူလိုင်လ ၂၀ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။