ကျောက်ဖြစ်ရုပ်ကြွင်းကို နေရာ ၃ ခုမှာ ပြသထားဖို့ စီစဉ်
2017.12.12

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ပေပင်စမ်းရွာမှာ တူးဖော်တွေ့ရှိထားတဲ့ ပေ ၁၀၀ ကျော်ရှိတဲ့ ကျောက်ဖြစ် ရုပ်ကြွင်းကြီးကို မကွေးတိုင်းအတွင်းက အထင်ကရ နေရာ ၃ ခုမှာ ပြတိုက်အနေနဲ့ထားရှိဖို့ စီစဉ်ထားတယ်လို့ မကွေးတိုင်းဒေသကြီး သယံဇာတ သဘာဝပတ်ဝန်းကျင်နဲ့ လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ပြောပါတယ်။
အဲဒီကျောက်ဖြစ်ရုပ်ကြွင်းကို ရှေ့ဆက်ဘယ်လို ဆက်လုပ်မလဲဆိုတာကိုတော့ ပြည်ထောင်စုအစိုးရနဲ့ ညှိနှိုင်းနေဆဲဖြစ်တယ်လို့ ဝန်ကြီး ဦးမြင့်ဇော်က ပြောပါတယ်။
"ရှေ့ဆက်ဘယ်လိုလုပ်ရမယ်ဆိုတာကို ပြည်ထောင်စုနဲ့လည်း ညှိုှုနှိုင်းမယ်၊ လောလောဆယ်တော့ ဘယ်သူ့ကိုမှ သယ်ခွင့်မပေးဘူးပေါ့ဗျာ၊ အနာဂတ်အစီအစဉ်မှာ ရှားပါးပစ္စည်းဖြစ်တဲ့အတွက် tourism တွေ ဖွံ့ဖြိုးလာရင် ဗိဿနိုးနဲ့နီးတဲ့အတွက် တစ်နေရာရာမှာ ပြခန်းသဘောမျိုးနဲ့ထားမလား၊ မကွေးလွှတ်တော်အသစ်ကလည်း ဆောက်နေတဲ့အတွက် အမှတ်တရထားမလား၊ မကွေးတက္ကသိုလ်က ဘူမိဗေဒ ကျောင်းသားတွေအတွက် သုတေသနလုပ်ဖို့ထားမလား စဉ်းစားနေပါတယ်"
အဲဒီကျောက်ဖြစ်ရုပ်ကြွင်းဟာ အခုလက်ရှိအချိန်ထိ တူးဖော်ထားသလောက်အရ အရှည် ပေ ၁၀၀ ကျော်ခန့်၊ လုံးပတ် အရင်းပိုင်းမှာ ပေ ၂၀ ကျော်ရှိပြီး လုံးပတ် အဖျားပိုင်းမှာ ၁၀ ပေခန့်ရှိပါတယ်။
ပေပင်စမ်းရွာသားတွေက မနှစ်ကစတင်တွေ့ရှိခဲ့တာဖြစ်ပြီး နောက်ပိုင်း Tree Jade ဆိုတဲ့ကုမ္ပဏီက ဆက်လက် တူးဖော်ကာ သယ်ယူဖို့အတွက် ပြည်ထောင်စုအစိုးရက ခွင့်ပြုချက်ပေးထားတယ်လို့ ဆိုပေမယ့်လည်း ဒေသခံတွေ က ကန့်ကွက်နေကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့က အဲဒီကျောက်ဖြစ်ရုပ်ကြွင်းကို ကုမ္ပဏီက သယ်ယူဖို့ ကြိုးပမ်းခဲ့တဲ့အတွက် ဒေသ ခံတွေက တားမြစ်ခဲ့ပါတယ်။
ဒါကြောင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ရှေ့ဆက်ဘယ်လို လုပ်ဆောင်မလဲဆိုတာကို စည်းဝေးတိုင်ပင်ကာ လတ်တလောမှာတော့ ဘယ်သူကိုမှသယ်ယူခွင့် မပြုထားဘူးလို့ ပြောပါတယ်။