မကွေးမြို့သစ်စီမံကိန်းကျေးရွာ ၃၀ ကျော် ကန့်ကွက်
2015.01.20
မြေဧက ၃သောင်းကျော်မှာ အကောင်အထည်ဖော်မယ့် မကွေးမြို့သစ်စီမံကိန်းကို ကျေးရွာ ၃၀ ကျော်က ဒေသခံတောင်သူတွေက ကန့်ကွက်ကြောင်း လက်မှတ်တွေ ရေးထိုးပြီး အမျိုးသားလွှတ်တော်ထံ တင်ပြသွားမယ်လို့ သိရပါတယ်။
ဒေသခံတောင်သူတွေရဲ့ လယ်မြေတွေကိုသိမ်းဆည်းပြီး မြို့သစ်စီမံကိန်းကို အကောင် အထည်ဖော်မှာဖြစ်တာကြောင့် တောင်သူတွေကကန့်ကွက်ကြောင်း လက်မှတ်တွေ ရေးထိုးတာဖြစ်တယ်လို့ လက်မှတ်ကောက်ခံနေတဲ့ မကွေးတိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီအဖဲ့ွချုပ် တောင်သူ လယ်သမား ရေးရာကော် မတီ ဥက္ကဌ ဦးနေမျိုးကျော်က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက မကွေးမြို့နယ်အုပ်ချုပ်ရေးမှူးက ကျေးရွာအုပ်စု ၁၃ စုက တောင်သူတွေနဲ့ တေ့ွဆုံပြီး မကွေးမြို့သစ်စီမံကိန်းအကောင်အထည်ဖော် မယ့် အကြောင်း ရှင်းပြခဲ့တယ်လို့သိရပါတယ်။
အဲ့ဒီစီမံကိန်းအကောင်အထည်ဖော်ဖို့အတွက် ကျေးရွာအုပ်စု ၁၃ စုမှာရှိတဲ့ မကျီးကန်၊ သံတော်ကူး၊ သပြေစမ်း၊ ကံဖျား၊ ချောင်းဖြူ၊ ပထိုး စတဲ့ ကျေးရွာ ၃၀ ကျော်က တောင်သူတွေရဲ့လယ်ယာမြေတွေ ကိုသိမ်းဆည်းပြီး လျော်ကြေး၊ နစ်နာကြေးတွေ ပေးဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ထံ ညွှန်ကြားထား တယ်လို့လည်း သိရပါတယ်။
မကွေးမြို့ကို လက်ရှိမြို့ဧရိယာထက် ၆ ဆတိုးမြှင့်မှာဖြစ်ကြောင်း မကွေးတိုင်း ဒေသကြီးအစိုးရရုံးက ကြေညာချက်ထုတ်ပြန်ထားပြီး စီမံကိန်းမှာပါဝင်မယ့် မြေနေရာတွေကို တိုင်းတာနေတယ်လို့လည်း သိရပါတယ်။
ဦးနေမျိုးကျော်ကို RFA သတင်းထောက် မစန်းမော်အောင် က ဆက်သွယ်မေးမြန်း ထားပါတယ်။