လူမှုကွန်ရက်ပေါ်မှာ အစိုးရခေါင်းဆောင်တွေ ကို အကြည်ညိုပျက်အောင်လုပ်ရင် တရားစွဲဖို့ ညွှန်ကြား
2018.08.15
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေ ကို လူမှုကွန်ရက် ဖေ့စ်ဘွတ် နဲ့ အင်တာနက်စာမျက်နှာပေါ်ကနေ အကြည်ညိုပျက်အောင် လုပ်ဆောင်သူတွေကို ဥပဒေကြောင်းအရ တရားစွဲဆိုမှုတွေ လုပ်ဖို့ မကွေးတိုင်းဒေသကြီး NLD ပါတီက ပါတီတွင်း အသိပေးစာ ထုတ်ပြန်လိုက်ပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်းမှာ နေထိုင်သူတွေထဲက အစိုးရကို အကြည်ညိုပျက်အောင် မတရားစွပ်စွဲရေးသားသူ တွေကို ဟန့်တားနိုင်အောင် တရားစွဲဆိုမှုတွေ ဆောင်ရွက်ဖို့ ပါတီတွင်း အသိပေးစာ ပေးပို့ခဲ့တာဖြစ်ကြောင်း မကွေးတိုင်း NLD ပါတီ ဥက္ကဋ္ဌ ဦးသိန်းဇော်က RFA ကို ပြောပါတယ်။
"နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပတ်သက်လို့ အွန်လိုင်းကနေပြီးတော့ အကြည်ညိုပျက်အောင် အမျိုးမျိုး တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။ ရှိလာလိုက်ပြီဆိုတဲ့အခါကျ ဒါတွေနဲ့ပတ်သက်လို့ စနစ်တကျ အလုပ်လုပ်နိုင်ဖို့ အတွက် ပါတီတွင်း ညွှန်ကြားချက်အနေနဲ့ ထုတ်ပေးလိုက်တာဖြစ်ပါတယ်။ ပုတ်ခတ်တဲ့ဟာတိုင်းအပေါ်မှာ မဟုတ်ဘူး။ လွန်လွန်ကျူးကျူး ဖြစ်လာလိုက်ပြီ တရားစွဲဖို့ သင့်လာပြီဆိုလို့ရှိရင်တော့ ကျနော်တို့အနေနဲ့ကတော့ တရားစွဲဖို့အတွက် သက်ဆိုင်ရာ မြို့နယ်တွေကနေပြီးတော့ ဆောင်ရွက်ပေးရမှာဖြစ်တယ်"
အစိုးရကို အကြည်ညိုပျက်အောင် ဆောင်ရွက်တဲ့ ကိစ္စရပ်တိုင်းမှာ တရားစွဲဆိုဖို့ သင့်မသင့်ကို ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီး ဆောင်ရွက်သွားမယ့်အပြင် တရားစွဲဆိုရေးကိစ္စကို NLD ပါတီ မြို့နယ် အလုပ်အမှုဆောင်တွေ ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။
အခုထုတ်ပြန်လိုက်တဲ့ စာဟာ ပါတီတွင်း အသိပေးစာ သက်သက်သာဖြစ်ပြီး အင်တာနက်ပေါ်မှာပါ ပျံ့နှံ့ခဲ့တာ ကြောင့် သက်ဆိုင်သူတွေကို စုံစမ်းစစ်ဆေးနေကြောင်းလည်း ဦးသိန်းဇော်က ပြောပါတယ်။