ပခုက္ကူမြို့နယ်မှာ ရွာသုံးရွာက ပြည်သူတစ်ထောင်ခန့် ထွက်ပြေးနေရ

RFA Burmese
2023.01.31
ပခုက္ကူမြို့နယ်မှာ ရွာသုံးရွာက ပြည်သူတစ်ထောင်ခန့် ထွက်ပြေးနေရ မကွေးတိုင်း၊ ပခုက္ကူ မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့က တွေ့ရစဉ်။
Pauk Newsletter page

မကွေးတိုင်း၊ ပခုက္ကူ မြို့နယ်က ရွာသုံးရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ တွေက ဇန်နဝါရီလ ၃၀ ရက် မနေ့က ဆက်တိုက်ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့တာကြောင့် ရွာသား တစ်ထောင်ခန့် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) က စစ်သားတွေနဲ့ ပျူစောထီး ပူးပေါင်းအင်အား နှစ်ရာခန့်က ပခုက္ကူမြို့နယ် ကန်တော်ရွာ၊ ကန်ရပ်ကြီးရွာနဲ့ ကန်ရပ်လေးရွာတို့ကို ဝင်ရောက်စီးနင်းခဲ့တာကြောင့် အဲဒီရွာသုံးရွာက ဒေသခံ တစ်ထောင်ခန့် စိုးရိမ်ထိတ်လန့်ပြီး ထွက်ပြေးတိမ်းရှောင်သွားတာလို့ ဆိုပါတယ်။

စစ်တပ်ရဲ့ စီးနင်းမှုကြောင့် ကန်တော်ရွာ တစ်ရွာတည်းတင် နေအိမ် အလုံး ၇၀ ခန့် မီးလောင်ပျက်စီးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"သူတို့ ၃ နာရီခွဲမှာ မီးစရှို့တယ်၊ အိမ်ခြေ ၇၀ ခန့် မီးထဲပါသွားတယ်။ နောက်တစ်ခုက သုံးရွာလောက် ထွက်ပြေးနေရတယ်။ ကန်တော်ရွာ တစ်ရွာတည်းကို လူဦးရေ ငါးရာကျော်လောက် ထွက်ပြေးနေရတယ်"

စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေဟာ ဇန်နဝါရီ ၃၁ ရက် ဒီနေ့မနက်ပိုင်း မှာတော့ ကံရပ်ကြီးရွာထဲ ဝင်ရောက်ရှာဖွေ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတွေရဲ့ လက်ကိုင်ဖုန်းတွေနဲ့ တန်ဖိုးကြီး ပစ္စည်းတွေကိုလည်း စစ်ဆေးမေးမြန်းပြီး ပြန်မပေးဘဲ ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်ပတ်ခန့်က အဲဒီရွာတွေအနီးမှာ စစ်ကောင်စီတပ်ကို ဒေသအခြေစိုက် ပြည်သူ ကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်က အင်အားသုံးပြီး ဝင်ရောက်စီးနင်းတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ ဦးစိုးပိုင်မြင့်ကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၂ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ နေအိမ်ပေါင်း ၄၈,၄၆၃ လုံး ပျက်စီး ဆုံးရှုံးခဲ့ပြီး အဲဒီထဲမှာ မကွေးတိုင်းက နေအိမ် ၈,၅၇၅ လုံး ပါဝင်ကြောင်း Data for Myanmar အဖွဲ့က ဇန်နဝါရီလ ၁၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။