မကွေးမှာ လေပြင်းကြောင့် အိမ်ခြေ ၂၀၀ ကျော်ပျက်စီး


2017.05.22
magway-storm-620.jpg မကွေးမြို့မှာ မေလ ၂၁ ရက်နေ့ညနေက လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ ဓါတ်တိုင်တွေကို တွေ့ရစဉ်
Photo: Kzm

မကွေးမြို့မှာ မနေ့ညနေက လေပြင်းတိုက်ခတ်မှုကြောင့် မကွေးမြသလွန်ဘုရား သာသနိက အဆောက်အအုံတချို့ နဲ့ လူနေအိမ် ၂၀၀ကျော်၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ဆေးပေးခန်းတွေပျက်စီးဆုံးရှုံးခဲ့တယ်လို့ မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောပါတယ်။

မေလ ၂၁ ရက်နေ့ ညနေ ၅ နာရီကစပြီး မိနစ် ၂၀ ကျော်ကြာတိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် မကွေးမြို့ပေါ်က ရပ်ကွက် ၃ ခုနဲ့ ကျေးရွာ ၄ ရွာက လူနေအိမ်တွေ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဆေးပေးခန်းတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မကွေးတိုင်း အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်ကပြောပါတယ်။

"မကွေးမြို့ရဲ့ကမ်းနားလမ်းတဝိုက်မှာရှိတဲ့ ရပ်ကွက်တွေဖြစ်တဲ့၊ မြို့မရပ်ကွက်တို့ မြို့ဟောင်းရပ်ကွက်တို့၊ ဆုံရပ်ကွက်တို့ မြသလွန်ရဲ့ ခြေရင်း အနီးမှာရှိနေတဲ့ ရွာလေးတွေပေါ့၊ အဲ့လို့နေရာတွေမှာ အဓိကဖြစ်သွား တာ၊ သစ်ပင်အကြီးတော်တော်များများတော့ လမ်းတွေ ပိတ်ဆို့အောင် လဲသွားတာ၊ ဓာတ်တိုင်တွေ လဲသွားတာ၊ မီးကြိုးတွေ ပြတ်သွားတာရှိတယ်၊ အဓိကအားဖြင့် အမိုးလန်တဲ့ အိမ်တွေက ရာနဲ့ချီပြီးရှိတယ်၊ ယာဉ်တစ်စီးပေါ်ကို သစ်ပင်လဲပြိုကျတယ်၊ အိမ်လည်းပိတယ်၊ ကားလည်းပျက်စီးသွားတယ်၊ ဒါမျိုးတွေလည်းရှိတယ်"

လေပြင်းကြောင့် လူတစ်ယောက် ဒဏ်ရာရရှိသွားတယ်လို့လည်း ပြောပါတယ်။

မကွေးတိုင်းအစိုးရအဖွဲ့အနေနဲ့ ပြိုလဲခဲ့တဲ့ သစ်ပင်တွေကို ခုတ်ထွင်ရှင်းလင်းတာ၊ လျှပ်စစ်ဓာတ်ကြိုးတွေ ရှင်းလင်း ပြီး လျှပ်စစ်မီး ပြန်ရဖို့ဆောင်ရွက်တာနဲ့ ပျက်စီး ခဲ့တဲ့ အိမ်တွေကို ထောက်ပံ့ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းမှာ ဒီနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ လေပြင်းတိုက်ခတ်မှုတွေကြောင့် ဂန့်ဂေါ ၊ ထီးလင်း၊ ပခုက္ကူ၊ ကံမ စတဲ့ မြို့နယ်တွေမှာ လူနေအိမ်ပေါင်း ထောင်နဲ့ချီကာ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပွားခဲ့တယ်လို့ တိုင်းအစိုးရအဖွဲ့ကနေ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။