မကွေးမှာ အပူရှောင်စခန်းဖွင့်
2016.04.13
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့အမှတ် ၁၄ ရပ်ကွက်က စနစ်သစ်ပုထိုးကျောင်းတိုက်မှာ သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးချို့တဲ့သူတွေအတွက် အပူရှောင်ကာကွယ်ရေးစခန်းကို ပြီးခဲ့တဲ့ ဧပြီလ ၁၀ရက်နေ့က စတင်ဖွင့် လှစ်ထားပါတယ်။
အယ်လ်နီညိုရာသီဥတုကြောင့် အပူချိန်လွန်ကဲလာတဲ့အတွက် သက်ကြီးရွယ်အိုတွေ နွေရာသီမှာ အပူဒဏ် သက်သာအောင်ဆိုပြီး အပူရှောင်စခန်း ဖွင့်လှစ်လိုက်တာဖြစ်တယ်လို့ စနစ်သစ် ပုထိုးကျောင်းတိုက် ဆရာတော် ဦးကောသလ္လ က မိန့်ပါတယ်။
"ဦးဇင်းကျောင်းဝိုင်းက သစ်ပင်ရိပ်တွေကောင်းတယ်၊ ပတ်ချာလည်မှာ ထန်းရွက်မိုးတဲတွေလုပ်ပြီးတော့ အဖိုးအဖွားတွေနေဖို့ အဓိကကတော့ ၆၅ နှစ်အထက် လူကြီးတွေအတွက် ငါဘာလုပ်ပေးနိုင်သလဲပေါ့၊ အဓိကကတော့ လူအိုတွေ အေးအေးချမ်းချမ်းလေးနေပြီးတော့ နွေရာသီမှာအပူဒဏ်သက်သာအောင်ပါ"
အပူရှောင်ကာကွယ်ရေးစခန်းကို နေ့စဉ် လာရောက်သူ ၆၀ လောက် ရှိလာပြီး စခန်းကို ထန်းရွက်မိုးကာနဲ့ သဲခင်းထားပြီး လူဦးရေ ၄၀၀ နီးပါးလောက် နေထိုင်လို့ရတယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။
အဲဒီစခန်းမှာ ညအိပ်ခွင့်မရှိဘဲ မနက် ၈ နာရီကနေ ညနေ ၆ နာရီအထိသာ လက်ခံတာဖြစ်ပါတယ်။ ပခုက္ကူမြို့ပေါ် ရပ်ကွက် ၁၅ခုက သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးချို့တဲ့သူတွေကို မနက်ပိုင်းမှာ ကားနဲ့လှည့်ကြိုပြီး ညနေမှာ နေအိမ်အသီးသီးကို ပြန်လည်ပို့ဆောင်ပေးတာဖြစ်ပါတယ်။
အဲဒီစခန်းမှာ သူနာပြုဆရာ ၂ ဦးက နေ့စဉ် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေပြီး အပူရှောင်စခန်းကို ဇွန်လလောက်အထိ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။