မကွေးမှာ ဧရာဝတီမြစ်ရေ တိုက်စားမှု နေအိမ် ၁၂၀ ကျော် ပျက်စီး


2015.10.06
erosion-620.jpg မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုနေတဲ့ နေရာတစ်ခုကိုတွေ့ရစဉ်
Photo: RFA

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်က ထုံးမကျီးကျေးရွာမှာ ဧရာဝတီမြစ်ရေ တိုက်စားတာကြောင့် မြစ်ကမ်းပါး ပြိုကျရာမှာ အိမ်ခြေ ၁၂၀ ကျော် ပျက်စီးသွားပါတယ်။

အဲဒီ ထုံးမကျီးကျေးရွာက ဒေသခံ ၅၀၀ လောက်ဟာ ရွာနောက်ဖက်မှာရှိတဲ့ ယာမြေထဲမှာ တဲထိုးပြီး ပြောင်းရွှေ့နေ ကြတယ်လို့ ထုံးမကျီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးလွင်က ပြောပါတယ်။

"အိမ်ခြေက တစ်ရွာလုံးဆို ၁၈၅ အိမ်ရှိတယ်ခင်ဗျ၊ ကမ်းပါးပြိုလို့ပြောင်းရတာ အခုဆို ၁၂၅ လောက်ရှိနေပြီခင်ဗျ၊ ကျနော်တို့ ရပ်ရွာရဲ့အစီအစဉ်နဲ့ ပြောင်းရတာခင်ဗျ၊ ယာယီတဲလေးတွေနဲ့ ကိုင်းတွေထဲမှာ ယာယီချထားပေးတာ ခင်ဗျ"

ပြီးခဲ့တဲ့တစ်ပတ်လောက်စပြီး မိုးကြီးနေတာကြောင့် ပြောင်းရွှေ့ရတာ အခက်အခဲရှိသလို ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေက ဖျားနာနေကြတယ်လို့လည်း ပြောပါတယ်။

ထုံးမကျီးကျေးရွာမှာ အိမ်ခြေ ၁၈၀ ကျော်၊ လူဦးရေ ၈၀၀ ကျော်နေထိုင်နေတာဖြစ်ပြီး ကမ်းပါးပြိုတဲ့အထဲမှာ စိုက်ပျိုးမြေတွေပါ ပါသွားတာကြောင့် နေထိုင်ဖို့အပြင် လုပ်ကိုင်စားသောက်ဖို့အတွက်ပါ အခက်အခဲရှိတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။